စစ်တွေမြို့ ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော စတင်ဖြစ်ပွားနေ
စစ်တွေမြို့ ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော စတင်ဖြစ်ပွားနေ
by မန်းသားလေး
ရခိုင်ပြည်နယ်စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများတွင် သောက်သုံးရေမသန့်ရှင်းမှုနှင့် တကိုယ်ရည် သန့်ရှင်းမှု အားနည်း ခြင်းကြောင့် ၀မ်းပျက်ဝမ်းလျှော ရောဂါ စတင် ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ဒုက္ခသည်စခန်းပေါင်း ၅၀ ကျော်ရှိ လူအင်အား သုံးသောင်းကျော်အနက် လူ ၃၀၀ ကျော်တွင် ယင်းရောဂါ လက္ခဏာများ စတင်နေပြီဟု ရခိုင်ပါတီ ဗဟိုကော်မတီဝင် ဦးစံကျော်လှက ပြောသည်။
‘‘ဒီနေ့မှာပဲ ဒုက္ခသည်စခန်း တိုင်းလိုလို ၀မ်းပျက်ဝမ်းလျှော ရောဂါတွေ ဖြစ်နေကြတယ်။ မနေ့ကတော့ လူ ၅၀ လောက်ပဲ ဖြစ်သေးတယ်လို့ ကြားတယ်။ ဒီနေ့တော့ ရောဂါဖြစ်တဲလူတွေ တော်တော်များလာပြီ” ဟု သူက ဆိုသည်။
ဇွန်လ ၁၄ ရက်နေ့က စစ်တွေမြို့ပေါ်ရှိ ဒုက္ခသည်စခန်း ၃ ခုမှ လူ ၅၀ ကျော်တွင် ၀မ်းပျက်ဝမ်းလျှော ရောဂါ လက္ခဏာများ စတင် တွေ့ရှိရကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်း ဥက္ကဋ္ဌ ဖြစ်သူ ရခိုင်ဒေသမှ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ဦးကျော်ခိုင်က ဧရာဝတီကို ပြောသည်။
‘‘အဓိက သောက်ရေမသန့်လို့ ဖြစ်ရတာ။ အိမ်သာကလည်း အရေးပေါ်ဆိုတော့ မရှိဘူး။ အစားအသောက် ကလည်း မသန့်ကြဘူးလေ။ အဲဒီတော့ ဖြစ်မှာပဲ။ ဗိုင်းရပ်စ် မပြန့်နှံ့အောင် ကျနော်တို့ အသည်းအသန် ကြိုးစားနေတယ်။ ၀မ်းပျက်ဝမ်းလျှော ရောဂါအခြေအနေ ဆိုးရွားလာမှာကို စိုးရိမ်မိတယ်” ဟု ၎င်းက ဆိုသည်။
ယနေ့ စစ်တွေမြို့တွင် မိုးများ သည်းထန်စွာ ရွာသွန်းနေမှုကြောင့် ဒေါက်တာကျော်ခိုင်နှင့် အဖွဲ့သည် နယ်လှည့် ဆေးကုသခြင်းကို ခေတ္တ နားထားရကြောင်း သိရသည်။ ထို့ကြောင့် ယနေ့ ရောဂါ ဖြစ်ပွားသည့် လူအရေတွက်နှင့် အခြေအနေကို အတိအကျ မသိရပေ။
ဒုက္ခသည်စခန်း များတွင် မျှတမှု မရှိသည့် စားသောက် နေထိုင်မှုများကြောင့်လည်းကောင်း၊ မိုးတွင်းကာလ စွတ်စိုမှုကြောင့် ရေမြောင်းများ ရေစီးရေလာ မကောင်းခြင်းကြောင့် လည်ကောင်း၊ ဆေးဝါးများ အလုံအလောက် မရရှိခြင်းကြောင့် လည်းကောင်း ၀မ်းပျက်ဝမ်းလျှောရောဂါ အချိန်တိုအတွင်း ပြန့်နှံ့ ဖြစ်ပွားရကြောင်း ဒေါက်တာကျော်ခိုင်က ရှင်းပြသည်။
ဝမ်းပျက် ဝမ်းလျှော ရောဂါဖြစ်ပွားသည့် အထဲတွင် ကလေးလူငယ်များနှင့် အမျိုးသမီးများ အများဆုံး ပါဝင်ကြောင်း သိရသည်။
ရခိုင်ဒေသရှိ ဆရာဝန်အဖွဲ့ ၄ ဖွဲ့တို့မှ ရောဂါဖြစ်ပွားသည့် နေရာဒေသများသို့ ကွင်းဆင်း ကုသလျှက်ရှိရာ ယင်းဆရာဝန်များက ၀မ်းပျက်ဝမ်းလျှော ရောဂါ ဆက်လက်ပြန့်ပွားမှု မရှိစေရန်အတွက် လက်ဆေးဆပ်ပြာများ ဝေငှခြင်း၊ အိမ်သာများကို သန့်ရှင်းစေရန် ဆောင်ရွက်စေခြင်း၊ ရေများကို ကြိုချက် သောက်သုံးရန် ပညာပေးခြင်း တို့ကို ဆောင်ရွက်နေကြသည်။
‘‘မဖြစ်ခင်တားနိုင်တာ အကောင်းဆုံးပဲ။ မတားနိုင်ဘူး ဆိုရင်တော့ ဘာမှကို လုပ်လို့ရတော့မှာ မဟုတ်ဘူး။ ဒီ ရောဂါက အချိန်မီ မတားနိုင်ရင် ဒုက္ခရောက်သွားနိုင်တယ်” ဟု ဒေါက်တာ ကျော်ခိုင်က ဆိုသည်။
စစ်တွေဒုက္ခသည်စခန်း ဝမ်းလျှောရောဂါ စဖြစ်
စစ်တွေဒုက္ခသည်စခန်း ဝမ်းလျှောရောဂါ စဖြစ်
By ကိုကျော်ကျော်သိန်း
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဇွန်လ ၁၅ ရက်၊ သောကြာနေ့ လင်းအား ကြီး အချိန်မှာ မီးရှို့မှုတခုဖြစ်ခဲ့ပေမဲ့ အခုတော့ အခြေအနေတွေ တည်တည်ငြိမ်ငြိမ်ရှိနေပါတယ်။ မီးလောင်တဲ့အတွက်တော့ လူနေအိမ်တချို့ ပျက်စီးခဲ့ရပါတယ်။ အကြမ်းဖက် အဓိကရုဏ်းတွေ မရှိတော့ပေမဲ့ အရောင်းအ၀ယ်တွေ၊ စီးပွားရေး လုပ်ငန်းတွေနဲ့ အသွားအလာတွေကတော့ ပုံမှန် ပြန်မဖြစ် သေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။ ဒီအတောအတွင်းမှာပဲ ဒုက္ခသည် စခန်းတွေမှာ ၀မ်းပျက် ၀မ်းလျှောဖြစ်တာတွေရှိနေပြီး သောက်ရေသန့်လုပ်တဲ့ ဆေးပြားတွေ အရေးပေါ်လိုအပ်နေတယ်လို့ ရခိုင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီိအခြေအနေတွေ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
စစ်တွေမြို့မှာ ဇွန်လ ၁၄ ရက်နေ့ တနေ့လုံးလိုလို ငြိမ်သက်နေခဲ့ပြီး အခြေအနေအရပ်ရပ်ကို ထိန်းသိမ်း ထားနိုင်ပြီလို့ ရခိုင် ပြည်နယ် နယ်စပ်ဒေသနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက သတင်းထောက်တွေကို ပြောခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း ၁၅ ရက်နေ့ လင်းအားကြီးအချိန်မှာပဲ ပိုက်သေရွာမှာ မနက် ၁ နာရီ ၄၅ ကစပြီး မီးလောင်ခဲ့တယ်လို့ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ RNDP အတွင်းရေးမှူးတဦးဖြစ်သူ ဦးခိုင်ပြည်စိုးက ဗွီအိုအေကို ပြောပါတယ်။
“ပထမ မလောင်ခင်မှာ လူ ၃ ယောက် လှုပ်လှုပ် လှုပ်လှုပ်နဲ့ လှုပ်ရှားနေတာပေါ့ဗျာ။ အဲဒီဟာကို ကျေးရွာမှာနေတဲ့ လူငယ်တွေက အုပ်ချုပ်ရေးမှူးကို သွားပြီး သတင်းပို့တယ်။ ဒီနားမှာ လူ ၃ ယောက်တွေ့တယ်။ အဲဒါကို သက်ဆိုင်ရာအနေနဲ့ စစ်ဆေးပေးပါလို့ သွားပြောတဲ့အခါမှာ အုပ်ချုပ်ရေးမှူးကို လုံးဝ မလှည့်ကြည့်တဲ့အတွက်ကြောင့် မီးလောင်မှု ဖြစ်ပွားရတယ်။ ရခိုင်အဆောင် (ရခိုင်အိမ်)၂၀ ပါသွားတယ်။ မီးသတ်ကားတွေ ရောက်လာခါမှ မီးတွေက ငြိမ်းသွားတယ်။ ဒုတိယတကြိမ် ပြန်တိုက်တယ်။ ဒုတိယတကြိမ်ပြန်တိုက်တဲ့အခါမှာ မိုးနည်းနည်း ရွာလိုက်တဲ့အတွက်ကြောင့် ဘေးနားက ရခိုင်အိမ်တွေ သိပ်ပါမသွားဘူး။ ရခိုင် နှစ်ဆောင် (ရခိုင်အိမ် နှစ်လုံး) လောက်တော့ ပါသွားတယ်။”
ဒီမီးဟာ ရှို့မီးဖြစ်ပြီး မီးရှို့မှုအတွက် သံသယရှိသူတချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံ သတင်းထောက်တဦးက ပြောပါ တယ်။ မြို့ရဲ့အခြေအနေက အခုချိန်ထိ ပုံမှန်နီးပါးအခြေအနေကိုတောင် ပြန်မရောက်သေးဘူးလို့လည်း သူက ဆိုပါတယ်။
ရခိုင်ပြည်နယ်တွင်း မြို့နယ်အသီးသီးမှာ ဒုက္ခသည်တွေအတွက် ယာယီစခန်း ၃၇ ခု ဖွင့်ထားပြီး စုစုပေါင်း လူဦးရေ ၃၁,၀၀၀ ကျော်ရှိတယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။
စစ်တွေမြို့မှာတော့ နှစ်ဘက်ဒုက္ခသည်တွေအတွက် စခန်း ၁၇ ခု ဖွင့်ထားပြီး လူဦးရေပေါင်း ၂၄,၀၀၀ ကျော်ရှိနေပါတယ်။ အခု စစ်တွေက စခန်းအတော်များများမှာ ၀မ်းပျက် ၀မ်းလျှောရောဂါတွေဖြစ်နေပြီး ပိုဆိုးလာမှာကို စိုးရိမ်ရတယ်လို့ RNDP ပါတီကပဲ ဗဟိုကော်မတီဝင်တဦးဖြစ်သူ ဦးစိန်ကျော်လှက ပြောပါတယ်။
“ကျနော်တို့ စစ်တွေမြို့နယ်ထဲမှာရှိတဲ့ စခန်းတော်တော်များများမှာ ဝမ်းလျှော၊ ဝမ်းပျက် အဲလိုဖြစ်တယ်။ ကျနော်တို့ဒေသမှာ ဆင်းရဲသားတွေ နေတဲ့ ရပ်ကွက်တွေမှာ ဆိုရင်တောင်မှ အဲဒီလို မိုးဦးကျရာသီဆိုရင် ကိုယ့်အိမ်မှာကိုယ် နေလို့တောင်မှ အဲလို ရောဂါတွေက အလိုလို ဖြစ်တာ။ အခုလို လူ အစုလိုက်၊ အပြုံလိုက် စုပေါင်းနေတဲ့ နေရာမှာကျတော့ ပိုဆိုးတာပေါ့။ ကြီးကြီး မားမားကြီး ဖြစ်နေတာတော့ မဟုတ်သေးပါဘူး။ သာမန်အစပြုတဲ့သဘောလောက်ပါပဲ။ ဒါတွေကို ကျနော်တို့က သတိမထားဘူး ဆိုရင် ဒီ ဝမ်းလျှော၊ ဝမ်းပျက်ရောဂါ ပိုပြီး ဖြစ်ပါလိမ့်မယ်။”
လူ ၁,၀၀၀ ရှိတဲ့စခန်းမှာ အိမ်သာက ၂ လုံး ၃ လုံးလောက်ပဲရှိနေတာကြောင့် နေရာမရွေး စွန့်ပစ်နေကြတဲ့ အတွက် အဲဒီအခြေ အနေက စိုးရိမ်စရာဖြစ်နေတယ်လို့ သူကဆိုပါတယ်။ အဲဒါကြောင့်လည်း လိုအပ် ချက်တွေ အများအပြားရှိတဲ့ထဲမှာ သောက်ရေ သန့်လုပ်တဲ့ ဆေးပြားတွေ အဓိကလိုနေတယ်လို့ ဦးစိန်ကျော်လှကပြောပါတယ်။
“အစားအသောက်၊ အစာရေစာ၊ နောက်ပြီးတော့ သောက်ရေ - သောက်ရေဆိုတာက ရေသန့်သောက် တာ မဟုတ်ဘူး။ ရေကို ကျိုချက်ပြီးတော့ သောက်နေတာမဟုတ်ဘူး။ သာမန်မိုးရေတွေ၊ ကန်ရေတွေ၊ တွင်းရေတွေ ဒါတွေကိုပဲ သောက်နေရတယ်။ ဖြစ်နိုင်ရင် အဲဒီလို ကန်ရေ၊ မိုးရေတွေမှာ ရေသန့်ဆေးပြားလေးတွေ ရှိတယ်မို့လား- အဲဒီလို ဆေးပြားလေးတွေ လုံလုံ လောက် လောက် ရှိတယ်ဆိုရင်တော့ မဆိုးဘူး။ စခန်းတိုင်း၊ စခန်းတိုင်းမှာ အဲဒီလိုသောက်ရေတွေ ကို ထည့်ပေးထားမယ်ဆိုရင် အဲဒါ ရေသန့်ဖြစ်သွားမယ်။ အဓိကလိုအပ်ချက်ထဲမှာ ”
ဒီအတောအတွင်းမှာပဲ ကျောက်ဖြူမြို့တရားရုံးမှာ ရမ်းဗြဲမြို့နယ်၊ သပြေချောင်းကျေးရွာသူ မသီတာထွေး အသတ်ခံခဲ့ရတဲ့အမှုကို ဇွန်လ ၁၅ ရက်နေ့မှာ ဆက်လက် စစ်ဆေးခဲ့ပါတယ်။ နှစ်ဘက်လျှောက်လဲ ချက်တွေ ပြီးသွားပြီဖြစ်ပြီး နောက်တကြိမ် ရုံးချိန်းမှာ ဆုံးဖြတ်တော့မယ်လို့ RNDP ပါတီက ကျောက်ဖြူမဲ ဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်က အခုလို ပြောပြ ပါတယ်။
“လာမယ့်တနင်္လာနေ့မှာ သီးခြားဆုံးဖြတ်ချက်ချဖို့ ဆိုပြီးတော့ ရုံးချိန်းပေးလိုက်တယ်။ တရားလိုပြ သက်သေတွေက တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး ၃ ရက်၊ တရားလိုပြသက်သေတွေ စစ်တယ်။ စွဲချက် ကိစ္စကို ဆောင်ရွက်တယ်။ ဒီနေ့မနက်ပိုင်းမှာ တရားခံ ၂ ယောက်ကို စစ်တယ်။ သူတို့က သက်သေ မပြဘူး။ အဲဒီတော့ ညနေပိုင်းမှာ လျှောက်လဲချက် ကြားနာတယ်။ တနင်္လာနေ့မှာ ဆုံးဖြတ်မယ်လို့ ပြော ပါတယ်။”
မသီတာထွေး အသတ်ခံရတဲ့အမှု၊ အဲဒါနဲ့နောက်ဆက်တွဲ တောင်ကုတ်မှာ လူ ၁၀ ဦး အသတ်ခံရတဲ့ဖြစ်ရပ် စတာတွေဟာ ရခိုင် ပြည်နယ်တွင်း ရုန်းရင်းဆန်ခတ်အခြေအနေတွေရဲ့ ကနဦး အစ အကြောင်းရင်းတွေ လို့ ဆိုရမှာပါ။ ရခိုင်ပြည်နယ် နယ်စပ်ဒေသနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းရဲ့ အဆိုအရဆိုရင်ဖြင့် ဇွန်လ ၈ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ရခိုင်ပြည်နယ်တ၀န်း သေဆုံးသူ ၂၉ ဦး၊ ဒဏ်ရာရသူ ၃၈ ဦး ရှိပြီး မီးလောင်ဖျက်ဆီးခံခဲ့ရတဲ့နေအိမ်ပေါင်း ၂,၅၂၈ လုံး၊ ဗလီဝတ်ပြုကျောင်း ၇ လုံး၊ ဘုန်းကြီးကျောင်း ၉ ကျောင်း၊ စာသင်ကျောင်းတကျောင်းတို့ ဖြစ်ပါတယ်ခင်ဗျား။
ဘင်္ဂါလီရိုဟင်ဂျာ ဒုက္ခသည် ဘင်္ဂလားဒေ့ရှ် လက်မခံ
ဘင်္ဂါလီရိုဟင်ဂျာ ဒုက္ခသည် ဘင်္ဂလားဒေ့ရှ် လက်မခံ
မြန်မာဘက်က ခိုလှုံလာသူ ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် နယ်စပ်ကို ဖွင့်ပေးဖို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဖိအားပေးတောင်းဆိုနေပေမဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ မနေ့က လက်မခံဘဲ ငြင်းဆိုလိုက်ပါတယ်။

မနေ့က ဘင်္ဂါလီဒုက္ခသည် (၇၀၀) လောက်ပါတဲ့ လှေ (၁၇) စင်းလောက်ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က အ၀င်မခံဘဲ ပြန်မောင်းထုတ်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီက လွှတ်တော်မှာပြောဆိုရာမှာ ဘင်္ဂလားဒေ့ရှ်ဟာ ဒုက္ခသည်နဲ့ ပတ်သက်တဲ့ နိုင်ငံတကာဆိုင်ရာ ဘာသဘောတူညီချက်ကိုမှ လက်မှတ်မရေးထိုးခဲ့တဲ့အတွက် မြန်မာနိုင်ငံကထွက်လာတဲ့ ဒုက္ခသည်တွေကိုလက်ခံဖို့ တာဝန်မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတချို့၊ ရင်းနှီးတဲ့နိုင်ငံတချို့က တောင်းဆိုတဲ့အတွက် ဒုက္ခသည်တချို့ကို ၀င်ခွင့်ပြုခဲ့ကြောင်း၊ တကယ်တော့ မိမိတို့အပေါ် ဒီလိုတောင်းဆိုဖို့ မသင့်ဘူးဆိုတာ ပြောလိုကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည် (၃) သိန်းလောက် လက်ခံထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့ပြင် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အင်အားအကြီးဆုံး အတိုက်အခံပါတီဖြစ်တဲ့ ဂျမတ် အီ အစ္စလာမ်ပါတီက လှုံ့ဆော်ခဲ့တယ်လို့ မြန်မာအစိုးရက စွပ်စွဲထားတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီက ပြောဆိုခဲ့ကြောင်း အေအက်ပီသတင်းမှာ ဖော်ပြထားပါတယ်။
စစ်တွေ၊ မောင်တောနှင့် ကော့စ်ဘဇား သတင်း
စစ်တွေ၊ မောင်တောနှင့် ကော့စ်ဘဇား သတင်း
ဇွန်လ ၁၄ ရက်နေ့နဲ့ ဇွန် ၁၅ ရက်အကြား ညဥ့် ၁ နာရီမှာ စစ်တွေ မြို့သူကြီး ရပ်ကွက် (ခေါ်) ရွေပြား ရပ်ကွက်ကို မွတ်ဆလင် တချို့က ၀င်ရောက်မီးရှို့တဲ့ အတွက် နေအိမ် (၆) လုံးမီးထဲ ပါသွားခဲ့ပါတယ်။ သူတို့အိမ်ကို သူတို့ မီးလာရှို့ပြီး အသင့်စောင့်နေတဲ့ စက်လှေနဲ့ ထွက်ပြေးသွားတယ်လို့ ပြောပါတယ်။

တရားသီးစု ရပ်ကွက် လမ်းပေါ်မှာ ကင်းယူနေတဲ့ ရခိုင် လူငယ် (၇) ဦးကို အာဏာပိုင်တွေက ဖမ်းဆီး ခေါ်ဆောင်သွားတာ ခုချိန်ထိ ပြန်မရောက်သေးဘူးလို့ သိရပါတယ်။
မောင်တောမှာတော့ အမှတ် (၅) ရပ်ကွက်က ဗလီမှာ ဘုရားဝတ်ပြုဖို့ လာတဲ့ လူ ၅ ဦးပါ အဖွဲ့ တစ်ဖွဲ့ကို ရဲက မိုးပေါ်ထောင်ပစ်ပြီး ဟန့်တားတဲ့ အတွက် လူစု ခွဲပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
မောင်တောမြို့ပြင် မြို့သူကြီး ရပ်ကွက်မှာတော့ စစ်သားတွေ အလုံးအရင်း ရောက်နေပြီး တပ်ဖြန့်ချထားတယ်လို့ ပြောပါတယ်။ ဒီကနေ့ဟာ သောကြာနေ့ ဖြစ်တဲ့ အတွက် ဆူပူမူတွေ ထပ်ဖြစ်မှာကို စိုးရိမ်တဲ့ အတွက် အခုလို လာရောက်ကြတာ ဆိုတာကတော့ သဲကွဲစွာ မသိရသေးပါဘူး။
————– ————————————–
ဒီကနေ့ ဘင်္ဂလာဒေခ်ျ့က ထုတ်တဲ့ The Daily Star သတင်းစာမှာ Myanmar Claims Jammat Link ခေါင်းစဉ်နဲ့ သတင်း တစ်ပုဒ်ပါလာပါတယ်။
အဲဒီ သတင်းမှာ ဘင်္ဂလာဒေခ်ျ့ ပါလီမာန်မှာ နိုင်ငံခြားရေ ၀န်ကြီး ဒီပူရ် မူနီက မနေ့က ပြုလုပ်တဲ့ ပါလီမာန်မှာ အခု မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ ပြဿနာကို ဘင်္ဂလာဒေခ်ျ့ ဘာသာရေး ပါတီ တစ်ခုဖြစ်တဲ့ ဂျာမတ် အီစလန်မစ် အဖွဲ့က ဘင်္ဂလာမှာနေထိုင်တဲ့ ရိုဟင်ဂျာတွေကို လက်နက်တွေ ကူညီပြီး ဆူပူအောင် လုပ်တယ်ဆိုပြီး မြန်မာ အစိုးရက စိုးရိမ်ကြောင်း သူနိုင်ငံရဲ့ သံတမန်တွေကို ထုတ်ဖေါ် ပြောတယ်လို့ ပြောဆိုသွားပါတယ်။ အခုလို ပြောဆိုတာတွေ ရှိနေတဲ့ သူ့နိုင်ငံ လုံခြုံရေး အတွက် ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံက လူတွေကို လုံးဝ လက်ခံလို့ မရဘူးလို့ ပြောဆို သွားခဲ့ပါတယ်။
ကော့စ်ဘဇားခရိုင်မှာ ရှိတဲ့ ရခိုင်ရွာတွေမှာ လုံခြုံရေး အထူးတင်းကျပ်ထားပြီး ရခိုင်တွေကို ဒီကနေ့မှာ အိမ်ပြင်ကို မသွားလာဖို့ ရဲအဖွဲ့က တိုက်တွန်းထားပါတယ်။ ဈေးဆိုင်တွေကိုလည်း ပိတ်ထားခဲ့ကြပါတယ်။ ဒီနေ့ သောကြာနေ့ ၀တ်ပြု အပြီးမှာ ဘာသာရေး ခေါင်းဆောင်တွေက ဆန္ဒပြဖို့ ခွင့်တောင်းတာကို ဒေသ အာဏာပိုင်တွေက ခွင့်မပြုဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ကော့စ်ဘဇားမှာ အခြေအနေဟာ ငြိမ်နေတယ်လို့ ပြောပါတယ်။
ဘင်ဒရိုဘင် ခရိုင် နတ်ကျောက်ဆရီမြို့နယ် အတွင်းက မြန်မာနိုင်ငံနဲ့ နီးစပ်တဲ့ ရွာတွေမှာတော့ ရွာကို စွန့်ခွာသွားတဲ့ ရခိုင်တွေ ရှိသလို အများစုကတော့ သတိနဲ့ နေထိုင်နေကြတယ်လို့ သိရပါတယ်။
ဘေးလွှတ်ရာကို ထွက်ပြေးရာမှ ဘူးသီးတောင်သို့ ရောက်ရှိသွားသူ ဒုက္ခသည်များကို မောင်တောသို့ ပြန်ခေါ်လာ
ဘေးလွှတ်ရာကို ထွက်ပြေးရာမှ ဘူးသီးတောင်သို့ ရောက်ရှိသွားသူ ဒုက္ခသည်များကို မောင်တောသို့ ပြန်ခေါ်လာ
ကျေးရွာများ မီးရှို့ခံရပြီး အသက်လု ထွက်ပြေးခဲ့ကြရသော မောင်တောင်မြို့နယ် တောင်ပိုင်းမှ ဒုက္ခသည် ၃၀၀ ကျော်ကို အာဏာပိုင်များက ဘူးသီးတောင်ကနေ မောင်တောသို့ ယမန်နေ့က ပြန်လည် ခေါ်ယူလာကြောင်း သတင်း ရရှိသည်။

“ သူတို့က မောင်တောမြို့နယ် တောင်ပိုင်းမှာ တည်ရှိတဲ့ ကိုင်းကြီး၊ သရေကုန်ဘောင်မှာ နေထိုင်ကြတဲ့ ရခိုင်နဲ့ ဗမာ လူမျိုးတွေ ဖြစ်ကြပါတယ်။ သူတို့ရွာတွေ မီးရှို့ခံရတော့ မေယူတောင်ကို ကျော်ဖြတ်ပြီး ထွက်ပြေး သွားကြတဲ့ သူတွေ ဖြစ်ကြပါတယ်။ မနေ့က အာဏာပိုင်တွေက ဘူးသီးတောင်ကနေ မောင်တောကို ကားတွေနဲ့ ပြန်ခေါ်လာပြီး မောင်တောမှာ နေရာချပေးထားပါတယ်” ဟု ကယ်ဆယ်ရေး လုပ်နေသူ တစ်ဦးက ပြောသည်။
ပြန်လည်ခေါ်ယူလာသူ ရွာသား အရေအတွက်မှာ ၃၀၀ ကျော်ဖြစ်ပြီး ထိုအထဲမှ ၂၇၀ အား ရပ်ကွက် (၃) မူလတန်းကျောင်းတွင် နေရာချပေးထားကာ ၇၂ ဦးကို အမှတ် (၁) ရက်ကွက် မူလတန်းကျောင်းတွင် နေရာချပေးထားသည်ဟု သူက ပြောသည်။
“ သူတို့ကိုတော့ အုပ်စု (၂) ခုခွဲပြီး နေရာချပေးထားပါတယ်။ အဲဒီအထဲမှာ ကျောင်းဆရာမတွေလည်း အတူပါလာတာကို တွေ့ရပါတယ်။ သူတို့အတွက် ထမင်းကိုတော့ မြို့ထဲက လူတွေက ထမင်းထုတ် ကောက်ပြီး သွားပို့နေပါတယ်” ဟု သူက ဆက်ပြောသည်။
မောင်တောတောင်ပိုင်းရှိ ကျေးရွာတချို့တွင် စာပြနေသော ဆရာမ အများအပြားလည်း ဆူပူ အကြမ်းဖက်မူ အတွင်း ပျောက်ဆုံးသွားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
“ ဆရာမတွေက ရွာသားတွေနဲ့ အတူ ထွက်ပြေး လွှတ်မြောက်သွားခဲ့ကြပါတယ်။ အများစု ဆရာမတွေက မိဘတွေရှိတဲ့ နေရပ်ရင်းတွေကို ပြန်သွားကြတယ်လို့ သိရပါတယ်။ သူတို့ ခုလို အေးအေးချမ်းချမ်း ဖြစ်သွားတာကို ကြားရတဲ့ အတွက် ဒေသခံတွေကတော့ စိတ်ချမ်းသာရာ ရခဲ့ကြပါတယ်” ဟု သူက ပြောသည်။
ယခုအခါ မောင်တောမြို့ပေါ်တွင် ကယ်ဆည်ရေး စခန်း (၇) ခုဖွင့်လှစ်ပြီး ဒုက္ခသည် တစ်သောင်းကျော်ကို လက်ခံထားကြောင်း သိရသည်။ ယခုလက်ရှိ မောင်တောတွင် ခိုလုံနေသူ ဒုက္ခသည်များမှာ အစိုးရနှင့် တခြား အဖွဲ့အစည်းများမှ အကူအညီများ ရရှိနေသော်လည်း လူဦးရေများသဖြင့် ကူညီ ထောက်ပံ့မူများနှင့် မလုံမလောက် ဖြစ်နေကြောင်း သတင်း ရရှိသည်။
ဘူးသီးတောင်တွင် မြို့မ အလက (၁) တွင် ဒုက္ခသည် တစ်ထောင်ကျော် ဆက်လက် ခိုလုံနေတုန်း ဖြစ်ပြီး အများစုမှာ မောင်တောမြို့နယ်မှ တောင်ကျော် ထွက်ပြေးလာသူများ ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် ဒုက္ခသည်များကို ကုလ ကူညီမည်
ရခိုင်ပြည်နယ် ဒုက္ခသည်များကို ကုလ ကူညီမည်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားနေသည့် အကြမ်းဖက် တိုက်ခိုက် ဖျက်ဆီးမှု များကြောင့် အိုးအိမ်မဲ့ ဖြစ်သွားရသည့် ဒုက္ခသည် ထောင်ပေါင်းများစွားအား ကုလသမဂ္ဂမှ ကူညီထောက်ပံ့ပေးသွား မည်ဟု ဆိုသည်။
“အစိုးရ ညွှန်ပြတာကတော့ အစားအစာ၊ နေစရာနဲ့ ဆေးဝါးအကူအညီတွေ အရေးပေါ် လိုနေတယ်လို့ သိရပါတယ်။ UN နဲ့ မိတ်ဖက်အဖွဲ့တွေအနေနဲ့ ဝန်ထမ်းလုံခြုံရေး အာမခံနိုင်သရွေ့ အကူအညီပေးဖို့ အဆင်သင့်ပါပဲ” ဟု ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်နှင့် လူသားချင်းထောက်ထားသည့် ကူညီမှုပေးရေးအရာရှိ Ashok Nigam က ပြောသည်။
ဇွန်လအတွင်း ဖြစ်ပျက်ခဲ့သည့် အကြမ်းဖက်မှုများကြောင့် လူပေါင်း ၃၀ ခန့် သေဆုံးခဲ့ရကာ အိုးအိမ်မဲ့ ရွှေ့ပြောင်း ခိုလှုံသူများအဖြစ် လူပေါင်း ၂၃,၀၀၀ ခန့်မှာ ဒုက္ခသည်စခန်း ၃၇ ခုတွင် ခိုလှုံနေထိုင်ကြရသည်ဟု အစိုးရ တရားဝင် သတင်းထုတ်ပြန်ချက်များအရ သိရသည်။ သို့သော် အခြေအနေမှာ အကဲဆတ်လှဆဲ ဖြစ်၍ ဆုံးရှုံးမှု စာရင်း အတိအကျ ကောက်ခံရရှိရန်မှာ ခက်ခဲကြောင်း အကူအညီပေးရေး အဖွဲ့များက ဆိုသည်။
ဇွန်လ ၁၃ နှင့် ၁၄ ရက်နေ့များတွင် ရခိုင်ပြည်နယ် မောင်တောမြို့သို့ Ashok Nigam နှင့်အတူ သွားရောက်ခဲ့သည့် ကုလ အတွင်းရေးမှူးချုပ်၏ အကြံပေးအရာရှိ မစ္စတာ ဗီဂျေး နမ်ဘီးယားကလည်း “ရခိုင်ပြည်နယ်တွင်း အရေးပေါ် လိုအပ်နေတဲ့ အကူအညီတွေ ရရှိစေဖို့အတွက် UN အနေနဲ့ နိုင်ငံတကာနဲ့ နိုင်ငံတွင်းက ဝန်ထမ်းအဖွဲ့တဖွဲ့ကို လက်ရှိ ဝန်ထမ်းတွေနဲ့ တွဲလုပ်ဖို့ ဖြန့်ကျက်စေလွှတ်လိုပါတယ်” ဟု ဇွန်လ ၁၅ ရက်နေ့က ကြေညာချက် ထုတ်ပြန်သည်။
လွန်ခဲ့သော နှစ်ရက်အတွင်း ရခိုင်ပြည်နယ် ဒုက္ခသည်များအတွက် ကုလသမဂ္ဂမှ ဆန်အိတ်ပေါင်း ၄၀၀ ကျော် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ရန်ကုန်အခြေအနေငြိမ်သက်
ရန်ကုန်အခြေအနေငြိမ်သက်
ရန်ကုန်မြို့မှာတော့ ဒီကနေ့ သောကြာနေ့မှာ လှုပ်ရှားမှုတွေလုပ်ဖို့ လှုံ့ဆော်တဲ့ လက်ကမ်းစာရွက်တွေ ပြီင်္းခဲ့တဲ့ရက်ပိုင်းတွေက ပြန့်နေခဲ့ပြီးတော့ ကောဠာဟလသတင်းမျိုးစုံ ထွက်နေခဲ့ပါတယ်။ ဒါကြောင့် လူထုကြားမှာ စိုးရိမ်မှုတွေ ဖြစ်ပြီးတော့ မိဘတွေက ကလေးတွေကို ကျောင်းမလွှတ်တာ၊ ပုဂ္ဂလိက လုပ်ငန်းတွေက ဝန်ထမ်းတွေကို စောစောပြန်လွှတ်တာ၊ ဆိုင်ပိတ်ပြီး လူနဲ့ကား အသွားအလာ နည်းတာတွေ ဖြစ်ခဲ့ပါတယ်။
အစ္စလာမ်ဘာသာဝင်တွေရဲ့ သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲတွေက ခါတိုင်းထက် စောပြီး အေးအေး ချမ်းချမ်း ပြီးဆုံးခဲ့ပြီးတော့ တမြို့လုံးကတော့ ခါတိုင်းထက် တိတ်ဆိတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ် အကြမ်းဖက် ဆူပူမူ အတွင်း သေဆုံးသူ ၂၉ ဦးရှိ
ရခိုင်ပြည်နယ် အကြမ်းဖက် ဆူပူမူ အတွင်း သေဆုံးသူ ၂၉ ဦးရှိ
ရခိုင်ပြည်နယ်တွင် ဇွန်လ ၈ ရက်နေ့မှ ၁၃ ရက်နေ့ထိ ဖြစ်ပွားခဲ့သော အကြမ်းဖက် ဆူပူမူ အတွင်း သေဆုံးသူ ၂၉ ဦးရှိပြီး ဒဏ်ရာရသူ ၃၈ ဦးရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ထုတ်ဖေါ် ပြောဆိုသည်။

သေဆုံးသူ ၂၉ ဦးထဲတွင် ၁၃ ဦးမှာ ရခိုင်ဖြစ်ပြီး ၁၆ ဦးမှာ မူဆလင် ဖြစ်ကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ယမန်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
ဒဏ်ရာရသူ ၃၈ ဦးထဲတွင် ရခိုင်လူမျိုး ၁၆ ဦး ဖြစ်ပြီး မူဆလင် ၂၂ ဦးဖြစ်သည်။
မီးရှို့ဖျက်အဆီးခံရသည့် အိမ်ခြေအရေအတွက်မှာ ၂၅၂၈ လုံးရှိပြီး ရခိုင်အိမ် ၁၁၉၂ လုံးနှင့် မူဆလင်အိမ် ၁၃၃၆ အိမ် ဖြစ်ကြောင်းနှင့် ဘုန်းတော်ကြီးကျောင်း ၉ ကျောင်းနှင့် ဗလီ ၇ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ပြောသည်။
မီးရှို့ဖျက်ဆီးခံရသည့် အထဲတွင် စာသင်ကျောင်း တစ်ကျောင်းလည်း ပါဝင်သွားကြောင်း သိရသည်။
ဒုက္ခသည် အဖြစ် ခိုလုံနေသူ ၃၁၈၈၄ ဦးရှိပြီး လက်ရှိ စခန်း ၃၇ ခု ဖွင့်လှစ် လက်ခံထားကြောင်း ဗိုလ်မှူးကြီးထိန်လင်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။ ရခိုင်လူမျိုးအတွက် ဖွင့်လှစ်ထားသော စခန်းက ၁၅ ခုရှိပြီး လူဦးရေ ၅၉၆၀ ရှိကြောင်းနှင့် မူဆလင် အတွက် စခန်း ၂ ခု ရှိပြီး လက်ခံထားသူ အရေ အတွက် ၁၈၈၈၆ ရှိသည်ဟု ပြောသည်။
ပေါက်တောမြို့တွင် မူဆလင် အတွက် စခန်း ၂ ခု ဖွင့်ထားပြီး လူဦးရေ ၁၅၀၀ ရှိကာ ပုဏ္ဍားကျွန်းတွင် စခန်း ၄ ခုဖွင့်လှစ်ပြီး ၂၇၀၄ ဦးရှိကြောင်း သိရသည်။ ရသေ့တောင်တွင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း စသည့် နေရာ ၁၄ နေရာတွင် ခိုလုံနေထိုင်သူ ၃၀၀၄ ဦးရှိကြောင်း ဗိုလ်မှူးကြီး ထိန်လင်းက ပြောသည်။
စစ်တွေတွင် မီးရှို့ရန် စီစဉ် ပြုလုပ်နေသူ ၂၉ ဦးအားလည်း ဓါတ်ဆီး ပုလင်းများနှင့် အတူ ဖမ်းဆီးထားကြောင်း သိရသည်။
မွတ်ဆလင်နှင့် ရခိုင်ခေါင်းဆောင်များကို အမေရိကန်သံရုံးက ဖိတ်ကြားမေးမြန်း
မွတ်ဆလင်နှင့် ရခိုင်ခေါင်းဆောင်များကို အမေရိကန်သံရုံးက ဖိတ်ကြားမေးမြန်း
by အေးနိုင်
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ အမေရိကန် သံရုံး တာဝန်ရှိသူတွေက အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေကို ဒီနေ့ဖိတ်ကြားတွေ့ဆုံမေးမြန်းသလို ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီက ခေါင်းဆောင်တွေကိုလည်း သီးခြားဖိတ်ကြားမေးမြန်း ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးက တာဝန်ရှိသူ တဦးဖြစ်တဲ့ မြန်မာမွတ်ဆလင် လူငယ်များ (ဘာသာရေး) အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ရခိုင်ပြည်နယ်တွင်း အဖြစ်အပျက်တွေကြောင့် ဒုက္ခရောက်နေသူတွေရဲ့ အခြေအနေကို မေးမြန်းတာလို့ ပြောပါတယ်။
“အဓိကကတော့ ရခိုင်ပြည်နယ် မောင်းတောနဲ့ စစ်တွေတို့မှာ ဒုက္ခသည်တွေ စားနပ်ရိက္ခာတွေ လိုအပ်ချက်တွေ ရှိ မရှိ။ ဆေးဝါးကုသမှုတို့၊ ဒုက္ခသည်တွေ နေထိုင်ရေး၊ စားသောက်ရေးတို့ကို ဘယ်လိုနေလဲ တချက်လာမေးတာပါ။”
မိနစ် ၂၀ ခန့်ကြာ မွတ်ဆလင်ခေါင်းဆောင်တွေနဲ့ မေးမြန်းခဲ့ပြီးတဲ့နောက် သံရုံးတာဝန်ရှိသူဟာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ခေါင်းဆောင်တွေနဲ့လည်း သီးခြားတွေ့ဆုံမေးမြန်းခဲ့တယ် လို့ ဆိုပါတယ်။ ပါတီခေါင်းဆောင်တွေကို ဆက်သွယ်လို့မရသေးပါဘူး။
ဒီဗွီဘီကရရှိတဲ့ သီးခြားသတင်းတခုမှာတော့ သံရုံးယာယီတာဝန်ခံ မစ်ချယ်သာ့စ်တွန်က ရခိုင်ပြည်နယ် တွင်းဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ တိုက်တွန်းပြီး အမေရိကန်ပြည်ထောင်စု ရဲ့ စိုးရိမ်ပူပန်မှုကို ထပ်လောင်းပြောဆိုခဲ့တယ်လို့ ပါရှိပါတယ်။
အမေရိကန်ပြည်ထောင်စုက အမေရိကန်နိုင်ငံသားတွေကို ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေကို ခရီးမသွားဘဲ ရှောင်ရှားဖို့ နှိုးဆော်ထားပါတယ်။
အင်တာနက် အသုံးပြုသူ တချို့ကြောင့် ရခိုင်ပြည်နယ် မတည်ငြိမ်မှု ပိုမိုဆိုးရွားခဲ့ရ
အင်တာနက် အသုံးပြုသူ တချို့ကြောင့် ရခိုင်ပြည်နယ် မတည်ငြိမ်မှု ပိုမိုဆိုးရွားခဲ့ရ
အင်တာနက် လူမှု ကွန်ရက်များပေါ်မှ စိတ်ခံစားမှုများကို ဖော်ပြသော ပြောဆိုဆွေးနွေးချက်များသည် ရခိုင် ပြည်နယ်တွင်း အကြမ်းဖက်မှုများ ဆီသို့ ပိုမိုတွန်းပို့ကာ အစိုးရက အရေးပေါ် အခြေအနေ ကြေညာလိုက်ရသည်အထိ ဖြစ်ခဲ့ရကြောင်း လေ့လာသူများက သုံးသပ်ပြောဆိုနေကြသည်။

မြန်မာနိုင်ငံတွင် အင်တာနက် ပိတ်ပင် ထိန်းချုပ်မှုများကို ယခင်က တင်းကျပ်ထားရာသော်လည်း ယမန်နှစ်က စတင် ဖြေလျှော့လာခဲ့သည့် နောက်တွင် အင်တာနက် အသုံးပြုသူတချို့သည် ကိုယ်ပိုင်သဘောတရား အယူအဆများကို ကျယ်ကျယ်ပြန့်ပြန့် တင်ပြလာကြောင်း၊ အဓိကရုဏ်း ဖြစ်ပေါ်စေရန် လှုံ့ဆော်မှု အရှိန်ရလာပြီး စိုးရိမ်ဖွယ်ရာ အဆင့်ထိ ရောက်လာကြောင်း ၎င်းတို့က ဆိုကြသည်။
“မြန်မာပြည် အနောက်ဘက်ခြမ်းက အမုန်းတရားတွေဟာ ဟာရီကိန်းမုန်တိုင်းလို အရှိန်ပြင်းပြင်းနဲ့ အင်တာနက် လောကကို ရိုက်ခတ်စေခဲ့ပါတယ်။ ကြေကွဲစရာ ကောင်းတာက ဒီပဋိပက္ခတွေအကြောင်း ပြောဆို ဝေဖန်သူ တွေရဲ့ ဆွေးနွေးမှုတွေဟာ နှစ်ဘက် သဘောထား တင်းမာသူတွေအတွက် လောင်စာဖြစ်ခဲ့တယ်” ဟု သြစတေးလျ အမျိုးသားတက္ကသိုလ်တွင် သုတေသန ပြုနေသူ Nicholas Farrelly က AFP သတင်းဌာနကို ပြောခဲ့သည်။
ရခိုင်ပြည်နယ် ဒေသတခွင်တွင် လူဦးရေ ၈ သိန်းခန့် ရှိသည့် မွတ်စလင်ဘာသာဝင်များ၏ အစိတ်အပိုင်းတခုဖြစ်သော ရိုဟင်ဂျာများကို နိုင်ငံသား အများစုက ပစ်မှတ်ထားကြကြောင်း၊ ရိုဟင်ဂျာများကို ကမ္ဘာပေါ်တွင် အဖိနှိပ်အခံရဆုံး လူ နည်းစု တခု အဖြစ် ကမ္ဘာ့ကုလသမဂ္ဂက ထည့်သွင်း စဉ်းစားပေးရန် တိုက်တွန်းချက်များလည်း ရှိနေကြောင်း ပညာရှင် တချို့က သုံးသပ်သည်။
မြန်မာအစိုးရနှင့် မြန်မာများစွာတို့က ရိုဟင်ဂျာများကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ရွှေ့ပြောင်း အခြေ ချလာသူ “တိုင်းတပါးသားများ” အဖြစ် ကြာမြင့်စွာကတည်းက ရှုမြင်နေကြကြောင်း၊ ဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသား အများစု နေထိုင်သည့် ရခိုင်ပြည်နယ်တွင် ရခိုင်နှင့် ရိုဟင်ဂျာများအကြား အပြန်အလှန် သံသယ ကြီးသည့် ဆက်ဆံရေး သည်လည်း ကာလကြာပြီဖြစ်ကြောင်း သူတို့က ဆိုသည်။
အစ္စလမ် ဘာသာဝင် များနှင့်ပတ်သက်ပြီး အကြမ်းဖက်မှုဆီသို့ တွန်းပို့သည့် အတည်ပြုချက်မရှိသော ကောလာ ဟလများ၊ အလွန်အကျွံ ပြောဆိုရေးသားမှုများသည် အင်တာနက် အွန်လိုင်း စာမျက်နှာများတွင် ကျယ်လောင်ခဲ့ သကဲ့သို့ ကြိုက်နှစ်သက်သူ ၅၀၀ ကျော်ရှိသော facebook စာမျက်နှာတခုတွင် ရခိုင်ပြည်နယ် ပဋိပက္ခနှင့် မသက်ဆိုင်သည့် ဓာတ်ပုံများကို တလွဲအသုံးချပြီး လှုံ့ဆော်လိုသော သဘောဖြင့် ဖော်ပြထားခြင်းကလည်း နှစ်ဘက် မုန်းတီးမှုကို ပိုမို အားဖြည့်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။
ပြည်ပ သတင်းဌာန တခုဖြစ်သော ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ၏ မြန်မာပိုင်းနှင့် အင်္ဂလိပ်ပိုင်း စာမျက်နှာများသည်လည်း ရိုဟင်ဂျာများဘက်မှ ဘက်လိုက်ရေးသားသည်ဟု စွပ်စွဲချက်ဖြင့် ရုရှားနှင့် စင်္ကာပူ နိုင်ငံ အိုင်ပီ လိပ်စာများသုံးကာ Blink ဟက်ကာဆိုသူများက တိုက်ခိုက်ခဲ့သည်ဟု DVB ကလည်း ဆိုထားသည်။
“ပဋိပက္ခနဲ့ပတ်သက်ပြီး ၂ ဘက်လုံးမှာ အဓိကရုဏ်းတွေကနေ တဆင့် အကျိုးအမြတ်ထုတ်လိုသူတွေ ရှိနေတယ်”ဟု Farrelly က ပြောသည်။
သဘောထား တင်းမာသူ တချို့ကလည်း ရိုဟင်ဂျာများကို မြန်မာ့မြေပေါ်မှ မောင်းထုတ်ရန် ကြိုးစားမှုများ ရှိသကဲ့သို့ ရိုဟင်ဂျာများ ဘက်မှလည်း မြန်မာနိုင်ငံတွင် ၎င်းတို့ နေထိုင်ခွင့် အခြေအနေနှင့် ပတ်သက်ပြီး ပိုမို ခိုင်မာမှု ရရှိရန် ကြိုးစားမှုများရှိကြောင်း သူက ဆိုသည်။
အခင်းဖြစ်ပွားရာ ဒေသတွင် အင်တာနက် ကန့်သတ်မှု ရှိနေသည့်အတွက် မတည်မငြိမ်မှုသည် အဆိုပါ ဒေသရှိ မည်သည့်နေရာ များကို ထိခိုက်ပြီး မည်သည့်ပမာဏ ထိခိုက်မှု ရှိသည်ဆိုသည့် အသေးစိတ်များ သိရှိရန် မရှင်းမလင်းဖြစ်နေသေးသည်။
International Crisis Group (ICG) အဖွဲ့၏ အင်္ဂါနေ့က အစီရင်ခံစာ တစောင်တွင် မြန်မာအစိုးရအား မလိုလားအပ်သည်များကို ထိန်းညှိနိုင်ရေးအတွက် ဒေသတွင်း သတင်းမီဒီယာများ၏ ပွင့်လင်းသည့် သတင်း ပို့ချက်များကို ခွင့်ပြုရန် တိုက်တွန်းထားသည်။
“အကြမ်းဖက် လုပ်ရပ်တွေဆီကို ၀င်ရောက်လာစေတဲ့ ၀ါဒဖြန့်ချိမှုတွေက မြင့်မားလာနေတယ်၊ ဒီအန္တရာယ်နဲ့ ပတ် သက် ပြီး အခုအခါမှာ သတိထားမှုလည်း အတော်နည်းနေတယ်” ဟု HIS Global Insight research group တွင် သုံးသပ်ဝေဖန်သူ တဦးဖြစ်သော Jan Zalewski က ဆိုသည်။
Jan Zalewski သည် လွန်ခဲ့သည့် နှစ်အတော်ကြာကြာက အင်တာနက်နှင့် မီဒီယာဆိုင်ရာ ကန့်သတ်ပိတ်ပင်မှုများ အ ကြောင်း ရေးသား ဖော်ပြခဲ့သူဖြစ်သည်။
“ရိုဟင်ဂျာတွေဆိုတာ မြန်မာတိုင်းရင်းသား မဟုတ်ဘူး၊ နိုင်ငံသား မဟုတ်ဘူး၊ သူတို့မြေပေါ်ကို လာအခြေချဖို့ ကြိုးစား နေတဲ့ ဘင်္ဂါလီတွေပဲဆိုတဲ့ တဘက်သတ် ဇာတ်လမ်းကိုပဲ မြန်မာလူထုက နာလည်းယုံကြည်နေကြတာ” ဟု နယူးယောက် အခြေဆိုက် လူအခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (HRW) မှ Phill Robertson က AFP ကို ပြောသည်။
လူမှုကွန်ရက် မီဒီယာသည် အကြမ်းဖက်မှုများကို လှုံ့ဆော်နေကြသည့် လူမျိုးရေး ၀ါဒီများ၏ ပွင့်လင်းစွာ ရေးသား ဖော်ပြမှုများအတွက် အထောက်အပံ့ ဖြစ်ခဲ့ကြောင်း သူက ဆက်ပြောသည်။
စစ်တွေ လုံခြုံရေး စိတ်မချရသေး
စစ်တွေ လုံခြုံရေး စိတ်မချရသေး
by ခင်သြ
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော ပဋိပက္ခများကို ထိန်းချုပ်နိုင်ပြီဟု နယ်စပ်ရေးရာ ဝန်ကြီးက ဆိုခဲ့သော်လည်း ယနေ့ နံနက် ၁ နာရီအချိန်က စစ်တွေမြို့တွင်း မီးလောင်မှု ထပ်မံ ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၆၀ ခန့် မီးထဲပါသွားသည်ဟု သိရသည်။

စစ်တွေမြို့ ကစ္စပနဒီမြစ်ကမ်းနဘေးရှိ ပါဒလိတ်ချိတ် ရပ်ကွက်အတွင်းတွင် ဘင်္ဂါလီများက ၎င်းတို့ နေအိမ်များကို မီးဝင်ရှို့ခဲ့ကြောင်း၊ ၂ နာရီခန့် မီးဆက်တိုက် လောင်ကျွမ်းခဲ့ရာ ဘင်္ဂါလီများ၏ အိမ်များမှ တဆင့် ရခိုင်တိုင်းရင်းသား တို့၏ နေအိမ်များကိုပါ မီးကူးခဲ့ကြောင်း၊ ဝင်ရောက်မီးရှို့သူများမှာ မြစ်ထဲသို့ ဆင်းပြေး သွားသောကြောင့် ဖမ်းမမိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
မီးလောင်ကျွမ်းခဲ့သည့် နေအိမ်များမှာ လူမရှိသောနေအိမ်များ ဖြစ်ပြီး လူအများမှာ ပဋိပက္ခရန်ကြောင့် ဒုက္ခသည် စခန်းများသို့ ရှောင်တိမ်းနေကြစဉ် မီးလောင်ကျွမ်းခြင်း ဖြစ်သည်။
ယနေ့ နံနက်ပိုင်းတွင် စစ်တွေမြို့၌ မိုးသည်းထန်စွာ ရွာသွန်းနေပြီး အခြေအနေမှာ ငြိမ်သက်သည်ဟု ထင်ရသော်လည်း လုံးဝအေးငြိမ်းသွားသည်ဟု မဆိုနိုင်သေးကြောင်း၊ နေအိမ်များအား မီးရှို့ထွက်ပြေးသူတို့ လွတ်မြောက်နေသေး သဖြင့် လူအလစ်တွင် ဝင်ရောက်တိုက်ခိုက် မီးရှို့ဖျက်ဆီးမည့်ရန်ကို စိုးရိမ်နေရသေးကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့က စစ်တွေမြို့ ပြည်နယ် ဝန်ကြီးချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကို ထိန်းချုပ်နိုင်ပြီဟု သတင်းထောက်များအား ပြောဆိုခဲ့သည်။
“မနေ့ ဇွန် ၁၃ ရက်နေ့က စပြီးတော့ အခြေအနေ အရပ်ရပ်ကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
ဇွန် ၁၃ ရက်နေ့ ညက မီးရှို့ဖျက်ဆီးရန် ကြံစည်သူ ၂၉ ဦးကို စစ်တွေ ကုန်းတန်း ရပ်ကွက်တွင် အချိန်မီ ဖမ်းဆီး ထိန်းသိမ်း ထားနိုင်ခဲ့ပြီး ၎င်းတို့ထံမှ အ၀တ်စများ ထိုးထည့်ထားသော ဓာတ်ဆီ ၂၅ ပုလင်း၊ ပြင်ဆင်မှုအတွက် ရည်ရွယ်သည့် ပုလင်းခွံ ၃၄ လုံး၊ ဓား၊ ဓားမြှောင်၊ သံချွန်၊ သံတူရွင်းများကို သိမ်းဆည်း ရရှိခဲ့ကြောင်း ဝန်ကြီးက ရှင်းပြသည်။
သို့ရာတွင် ဗလီများအတွင်း လက်နက်များ ရှာဖွေတွေ့ရှိသည် ဆိုသည့် သတင်း ထွက်ပေါ်ခဲ့သည်ကို ဝန်ကြီးက အတည်မပြုခဲ့ဘဲ သတင်းထောက်များ၏ မေးမြန်းမှုများအား ဖြေကြားခြင်း မရှိပေ။
ဇွန် ၁၄ ရက်နေ့က စစ်တွေမြို့တွင် ဘဏ်နှင့် တချို့ ဈေးဆိုင်များ ပြန်လည်ဖွင့်လှစ်ထားပြီး မြို့တွင်း အသွားအလာ ပြန်လည် ပြုလုပ်လာကြ သော်လည်း ဒေသခံများကမူ ဇွန်လ ၁၅ ရက်နေ့ သောကြာနေ့တွင် ဘင်္ဂါလီများ ဗလီတက်ရောက် စုရုံးပြီး ပဋိပက္ခ ထပ်မံ ဖန်တီးမည် ဆိုသည့် သတင်း ထွက်ပေါ်ခဲ့သဖြင့် စိုးရိမ်နေကြသည်။
ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင် နေရသူများအတွက် ယာယီနေထိုင်ရန် စခန်းများ ဖွင့်လှစ်ပေးထားရာ စစ်တွေမြို့တွင် စခန်း ၁၇ ခု၊ ရသေ့တောင်တွင် စခန်း ၁၄ ခု၊ ပုဏ္ဏားကျွန်းတွင် စခန်း ၄ ခု၊ ပေါက်တော မြို့တွင် စခန်း ၂ ခု ရှိကြောင်း၊ တချို့မှာ နီးစပ်ရာ ဘုန်းတော်ကြီး ကျောင်းများတွင် ခိုလှုံ နေကြရကြောင်း သိရသည်။
“ဖြစ်ပြီးသွားတဲ့ အနေအထားမှာ ကြည့်လိုက်ရင် ဘယ်သူမှမနိုင်ဘူး၊ ဘယ်သူမှ အကျိုးအမြတ်မရှိဘူး။ ဒါပေမယ့် ဒီဖြစ်ရပ် အပေါ်မှာ ဖြစ်စေချင်တဲ့ လူတွေကတော့ စိတ်ထဲမှာ နည်းနည်း ကျေနပ်သွားလိမ့်မယ်။ ဒါပေမယ့် ဒုက္ခသည်တွေ တပုံတပင်ကြီးကို ရရှိလိုက်တာ ကျနော်တို့ရဲ့အကျိုးအမြတ်ပဲ ဖြစ်ပါတယ။ အဲဒါကြောင့် ဒီလိုဖြစ်ရပ်မျိုး ဘယ်နေရာမှာမှ ကျနော်တို့ မဖြစ်စေချင်ဘူး” ဟု ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကပြောသည်။
ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်တွင်း ဇွန်လ ၈ ရက်နေ့မှ ၁၃ ရက်နေ့ အထိ ဖြစ်ပျက်ခဲ့သည့် ပဋိပက္ခ ကြောင့် ပျက်စီး၊ ဒဏ်ရာရ၊ သေဆုံး စာရင်းများကို ထုတ်ပြန်ရာ မီးလောင်မှုကြောင့် နေအိမ်စုစုပေါင်း ၂၅၂၈ လုံးအနက် ရခိုင် တိုင်းရင်းသားပိုင် နေအိမ် ၁၁၉၂ လုံး၊ ဘင်္ဂါလီများပိုင်နေအိမ် ၁၃၃၆ လုံး၊ ဘုန်းတော်ကြီးကျောင်း ၉ ကျောင်း၊ ဗလီ ၇ လုံး၊ စာသင်ကျောင်း ၁၆ ကျောင်း သေဆုံးသူ ၂၉ ဦး အနက် ရခိုင်တိုင်းရင်းသား ၁၃ ဦး၊ ဘင်္ဂါလီ ၁၆ ဦး၊ ဒဏ်ရာရသူ ၃၈ ဦးအနက် ရခိုင်တိုင်းရင်းသား ၁၆ ဦး၊ ဘင်္ဂါလီ ၂၂ ဦးတို့ ဖြစ်ကြောင်း သိရသည်။
မသီတာထွေး အမှု အပြီးသတ်ကြားနာ
မသီတာထွေး အမှု အပြီးသတ်ကြားနာ
by ခင်ဦးသာ
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ဒေသမှ မသီတာထွေး အသတ်ခံခဲ့ရသည့် အမှုအား ယနေ့ ကျောက်ဖြူ ခရိုင် တရားရုံး၌ အပြီးသတ်ကြားနာ စစ်ဆေးကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူများအဖြစ် တရားစွဲဆိုခံထားရသည့် ၃ ဦးအနက် ရော်ဖိနှင့်လူယု တို့နှစ်ဦးနှင့် မသီတာထွေး၏ မိသားစုဝင်များ အပါအ၀င် သက်သေ၂၁ ဦး က ထွက်ဆို ခဲ့ကြသည်ဟု ကျောက်ဖြူ မြို့ခံ ရှေ့နေကြီး ဦးဘရှိန် က ပြောပြသည်။
“တရားလိုဘက်က သက်သေတွေက ထွက်ဆိုပြီးတဲ့ အပြင် တရားခံ ၂ ဦးကိုပါ စစ်ဆေးပြီးပါပြီ၊ ဒီတော့ ကြားနာမှုတွေကို နှစ်ဘက် အပြန်အလှန် လျှောက်လဲချက်ပေးပြီးရင် စီရင်ချက် ချမှာပါ”ဟု ရှေ့နေကြီး ဦးဘရှိန် က ပြောသည်။
အမှုကို ခရိုင်တရားသူကြီး ဒေါ်ဌေးဌေးကြည် ဦးဆောင် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စီရင်ချက်ချမည့်ရက်ကိုမှု အတိအကျမသိရ သေး ပေ။
မေလ ၂၈ ရက်နေ့ ညနေပိုင်း က ကျောက်နီမော်ရှိ စက်ချုပ်သင်တန်းမှ သပြေချောင်ကျေးရွာသို့ ပြန်လာသော အသက်၂၆ နှစ် အရွယ် မသီတာထွေးအား ရော်ဖိ၊ လူယု နှင့် ရှောင်ရှုး(ခ) ထက်ထက်(ခ) ဖြိုးဇေယျာကျော်တို့ ၃ ဦးက အဓမ္မပြုကျင့်သတ်ဖြတ် ပြီး ရွှေထည်ပစ္စည်း လုယူခြင်း ကျူးလွန်သည့် အမှုများဖြင့် တရား ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။
ထို ၃ ဦး အား အဓမ္မပြုကျင့်မှု ပုဒ်မ ၃၇၆၊ လူသတ်မှု ပုဒ်မ ၃၀၂၊ ပစ္စည်း လုယူမှု ပုဒ်မ ၃၉၂ တို့ဖြင့် တရားစွဲဆို၍ ဇွန်လ ၈ ရက် နေ့က စတင် စစ်ဆေးနေခြင်း ဖြစ်သည်။
တရားစွဲခံထားရသည့် ၃ ဦးထဲမှ ရှောင်ရှုး (ခ) ထက်ထက်(ခ) ဖြိုးဇေယျာကျော် သည် အကျဉ်းထောင်တွင်း၌ ဇွန်လ ၉ ရက်နေ့ ညနေတွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း ဇွန်လ ၁၁ ရက်ထုတ် အစိုးရ သတင်းစာများက ဖော်ပြခဲ့သည်။
ရှေ့နေကြီး ဦးဘရှိန်က ဆက်လက်၍“တရားခံ၂ ဦးစလုံးက မုဒိမ်းမှုကို ၀န်ခံတယ်၊ ကျန်တဲ့၂ မှုကို ငြင်းတယ်၊ ဒီငြင်းတဲ့ အကြောင်း ကို တရားခံ ဘက်က လျှောက်လဲချက် ပေးမယ်။ တရားလို ဘက်ကလည်းပဲ တရားခံ ၃ ဦး စလုံးဟာ ပြစ်မှုအားလုံးကို တဆက်တည်း ကျူးလွန်တယ်ဆိုပြီး ထွက်ဆိုထားတာတွေကို လျှောက်လဲချက် ပေးကြမယ်၊ အဲဒီ အပေါ်မှာ မူတည်ပြီးတော့ တရားသူကြီး က ဆုံးဖြတ်ချက် ပေးမယ်၊ ဥပဒေကြောင်း လုပ်ထုံး အရပေါ့”ဟု ရှင်းပြသည်။
ပြစ်မှုကျူးလွန်သူများဘက်ကမူ ခုခံချေပရန် ရှေ့နေ မငှားလိုဟု လျှောက်ထားခဲ့၍ မျှတစေရန် အတွက် တရားရုံး လုပ်ထုံး လုပ်နည်း အရ အစိုးရ ရှေ့နေ က ဦးဆောင်၍ ကြားနာ စစ်ဆေးမှု လုပ်ဆောင်ခဲ့ကြောင်း ဇွန်လ ၉ ရက်နေ့ထုတ် အစိုးရ သတင်းစာများ ကဆိုသည်။
အမှုနှင့်ပတ်သက်ပြီး ကြားနာစစ်ဆေးမှု ကို ဒေသဆိုင်ရာ အာဏာပိုင်များ၊ မသီတာထွေး၏ မိဘ ဆွေမျိုးများနှင့် ဒေသခံ ပြည် သူ တချို့ လာရောက် နားထောင် ခွင့်ရကြောင်း သိရသည်။
မသီတာထွေးအား သတ်ဖြတ်ခဲ့မှုနှင့်ဆက်စပ်၍ ဇွန်လ ၃ ရက် က တောင်ကုတ်မြို့၌ လူ ၁၀ ဦး အသတ်ခံခဲ့ရသည်။ ထို့နောက် မောင်တော၊ စစ်တွေ စသည့်မြို့များတွင် အကြမ်းဖက် သတ်ဖြတ်မှု၊ မီးရှို့မှုများလည်း ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။
ထိုအဓိဂရုဏ်းများကြောင့် ဇွန်လ ၈ ရက်နေ့က ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်ကို အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။
ဇွန်လ ၈ ရက်နေ့မှ ၁၃ ရက်နေ့ အထိ အဓိဂရုဏ်းများကြောင့် လူ ၂၉ ဦးသေဆုံးခဲ့ပြီး လူနေအိမ် ၂၅၂၈ လုံး၊ ဘုန်းကြီးကျောင်း ၉ ကျောင်း၊ စာသင်ကျောင်း ၁၆ ကျောင်း၊ ဗလီ ၇ လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရက ယမန်နေ့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ထုတ်ပြန်ခဲ့သည်။
နေအိမ်များ မီးလောင်ခြင်း ခံရသည့်အတွက် မောင်တောနှင့် စစ်တွေ မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံ စသည့် ဒုက္ခသည် စခန်း ၃၅ ခု၌ ဒုက္ခသည် ဦးရေ ၃၀၀၀၀ ကျော် ရှိကြောင်းလည်း ရခိုင်ပြည်နယ် အစိုးရက ဆိုသည်။
မသီတာထွေးအမှု ဇွန် ၁၈ ရက်တွင် စီရင်ချက် ချဖွယ်ရှိ
မသီတာထွေးအမှု ဇွန် ၁၈ ရက်တွင် စီရင်ချက် ချဖွယ်ရှိ
by နေမျိုး
နယူးဒေလီ (မဇ္ဈိမ) ။ ။ ရမ်းဗြဲမြို့နယ်၊ သပြေချောင်းကျေးရွာမှ မသီတာထွေး အား အဓမ္မပြုကျင့်၍ ပစ္စည်းလုယက် သတ်ဖြတ်ခံခဲ့ရသည့် အမှုအား ရက်ရွှေ့ဆိုင်းခြင်းမရှိဘဲ ဆက်တိုက် စစ်ဆေးနေခဲ့ရာ တနင်္လာနေ့တွင် စီရင်ချက် ချနိုင်လိမ့်မည် ဖြစ်ကြောင်း သိရသည်။
သောကြာနေ့ရုံးချိန်းတွင် ကျောက်ဖြူမြို့ခရိုင်တရားရုံး၌ စွပ်စွဲခံရသူ နှစ်ဦးအား စစ်ဆေးပြီး ၎င်းတို့ရှေ့နေ၏ လျှောက်လဲ ချက်အား ကြားနာပြီးနောက် တရားသူကြီး ဒေါ်ဌေးဌေးကြည် က ဆုံးဖြတ်ချက်ချရန် တနင်္လာနေ့သို့ ချိန်းဆိုလိုက် ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။
“မနက်ပိုင်းမှာ တရားခံ နှစ်ယောက်ကို စစ်တယ်။ ညနေပိုင်းမှာ လျှောက်လဲချက် ကြားနားတယ်။ လာမယ့် ၁၈ ရက် နေ့မှာ ဆုံးဖြတ်ချက် ချမယ်ဆိုပြီး ရုံးချိန်းလိုက်တယ်။ ဖြစ်နိုင်တယ်လို့ ကျနော်တို့က မှတ်ယူရမှာပေါ့။ များသောအားဖြင့် တရားသူကြီးတွေက ဘယ်နေ့ ဆုံးဖြတ်မယ်လို့ ရက်ချိန်းပေးလိုက်ရင် အဲဒီနေ့တွေမှာ ဆုံးဖြတ်တတ်တယ်။ အကြောင်း တစုံတရာ ထူးထူးခြားခြားရှိမှ နောက်နေ့တွေကို ရက်ချိန်း ရွှေ့တာတွေ လုပ်တတ်တယ်” ဟု ကိုယ်တိုင် ရှေ့နေကြီး တဦးလည်းဖြစ်သည့် ဦးဘရှိန်က မဇ္ဈိမကို ပြောသည်။
ထိုအမှုနှင့်ပတ်သက်၍ စွပ်စွဲခံရသူ ရော့ပီးနှင့် ခိုချီး တို့ နှစ်ဦးက အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့ကြောင်း ဇွန် ၁၄ ရက်နေ့က ဝန်ခံဖြောင့်ချက် ပေးသော်လည်း လူသတ်မှုနှင့် လုယက်မှုကိုမူ မကျူးလွန်ခဲ့ကြောင်း ရုံးတော်တွင် ငြင်းဆိုထား၍ ၎င်းတို့ရှေ့နေမှ လျှောက်လဲချက် ပေးရခြင်းဖြစ်သည်။
“အလေးက ဘယ်ဘက်က သာမလဲ။ မှန်မှန်ကန်ကန် သက်သေ ထင်ထင်ရှားရှားပြနိုင်တဲ့ ဘက်ကတော့ ထင်ရှားကြောင်း သက်သေပြပြီးပြီ။ တဘက်ကလည်း သူပြောတာ ထင်ရှားကြောင်း ပြနိုင်မှ တရားခံရဲ့ သက်သေပြမှုက ထင်ရှားမှာပေါ့။ တရားသူကြီးက ဘယ်လိုဆုံးဖြတ်မယ်ဆိုတာ ကျနော်မပြောနိုင်ဘူး။ ပြစ်ဒဏ်တွေကတော့ သေဒဏ် အထိ စီရင်နိုင်တဲ့ ပြစ်မှုတွေပဲ။ မုဒိန်းမှုကတော့ တသက်တကျွန်းလောက်ပဲ ရှိတယ်။ လူသတ်မှုကတော့ သေဒဏ်အထိ စီရင်နိုင်တာပေါ့ဗျာ” ဟု ဦးဘရှိန် က ပြောသည်။
သောကြာနေ့ ရုံးတော်သို့ အရပ်ဘက်အုပ်ချုပ်ရေးမှ လူကြီးအချို့ လာရောက် နားထောင်ခဲ့ကြောင်း သိရသည်။
ထိုအမှုတွင် စွပ်စွဲခံရသူ သုံးဦးအနက် ထက်ထက် (ခ) ယော်ရှီး (ခ) ဖြိုးဇေယျာကျော် သည် ဇွန်လ ၉ ရက်နေ့ ညနေပိုင်းက ကျောက်ဖြူအကျဉ်းထောင်တွင် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့၍ ရော့ပီးနှင့် ခိုချီး တို့ဦး နှစ်ဦးသာ အမှုကို ဆက်လက်ရင်ဆိုင် သွားရန်ရှိသည်။
ယင်းအမှုတွင် တရားလိုဘက်မှ သက်သေ ၂၄ ဦး၏ သက်သေထွက်ဆိုချက်များ ရှိပြီး စွပ်စွဲခံရသူများဘက်မှ လိုက်ပါ သည့် သက်သေ မရှိသေးကြောင်း သိရသည်။
မေလ ၂၈ ရက်နေ့က မသီတာထွေး အဖြစ်အပျက်မှ စတင်၍ ရခိုင်ပြည်နယ်တွင်းတွင် လက်စားချေ သတ်ဖြတ်မှုများ၊ လူမျိုးရေး အမုန်းပွားမှုများ၊ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်လာကာ လူပေါင်း ၃၉ ဦး အသက်ဆုံးရှုံးရသည်အထိ ဆိုးရွားလာခဲ့သည်။
ဇွန်လ ၁၀ ရက်နေ့တွင် “အရေးပေါ် အခြေအနေ” ကို နိုင်ငံတော်သမ္မတ က ရခိုင်တပြည်နယ်လုံးအား ရက် အကန့်အသတ်မရှိ ထုတ်ပြန်ကြေညာထားသော်လည်း အခြေအနေမှာ ပုံမှန် တည်ငြိမ်ခြင်း မရှိသေး၍ ပြည်သူများနှင့် မီဒီယာများ ပူးပေါင်း လက်တွဲကြပါရန် အာဏာပိုင်များက နှိုးဆော်ထားသည်။
ကုလအထူးအကြံပေး ပြန်လည်ထွက်ခွာ
ကုလအထူးအကြံပေး ပြန်လည်ထွက်ခွာ
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေး မစ္စတာ Vijay Nambia ဟာ မနေ့က မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာ သွားပြီ ဖြစ်ပါတယ်။

မစ္စတာ နမ်ဘီယာ ခရီးစဉ်နဲ့ပတ်သက်ပြီး နယူးယောက်မြို့ ကုလ သမဂ္ဂဌာနချုပ်မှာ မနေ့ကကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် မာတီနာဆာကီ က ပြောဆိုရာမှာ -
ခရီးစဉ်ရဲ့အဓိကရည်ရွယ်ချက်က ရခိုင်ပြည်နယ်က အခြေအနေတွေကို ကုလသမဂ္ဂအနေနဲ့ ဘယ်လိုအကူအညီတွေ ဆက်ပြီးပေးနိုင်သလဲဆိုတာ သွားရောက်လေ့လာစုံစမ်း တာပါ။ ဒါနဲ့ ပတ်သက်လို့ နောက်ထပ်လည်း သတင်းတွေထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ မစ္စတာနမ်ဘီယာဟာ ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါ တယ်လို့ ဆိုပါတယ်။
အစိုးရရဲ့ထုတ်ပြန်ချက်အရ စစ်တွေ၊ မောင်းတောနဲ့ ဘူးသီးတောင်မြို့တွေမှာ ဒုက္ခသည်ဦးရေ တစ်သောင်း ငါးထောင်လောက်ရှိပြီး၊ ကုလသမဂ္ဂ လက်အောက်ခံ ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် WFP ကလည်း ဒေသခံ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဒုက္ခသည်တွေကို စားနပ်ရိက္ခာတွေ ထောက်ပံ့ဖို့ စီစဉ်နေတယ်လို့လည်း မာတီနာဆာကီ က ပြောပါတယ်။
မစ္စတာနမ်ဘီယာရဲ့ အခုခရီးစဉ်မှာ သတင်းစာရှင်းလင်းပွဲ မလုပ်ခဲ့ဘူးလို့ သိရပါတယ်။
အောင်စိန်ချည်မျှင်စက်ရုံက ဆန္ဒပြအလုပ်သမားခေါင်းဆောင် ၁၀ ဦး အလုပ်ထုတ်ခံရ
အောင်စိန်ချည်မျှင်စက်ရုံက ဆန္ဒပြအလုပ်သမားခေါင်းဆောင် ၁၀ ဦး အလုပ်ထုတ်ခံရ
by ခင်မင်းဇော်
မန္တလေးမြို့မှာရှိတဲ့ အောင်စိန် ချည်မျှင်နဲ့ အထည်ဆိုးဆေး စက်ရုံက အလုပ်သမားတွေ ရဲ့ တောင်းဆိုချက်တွေကို ပိုင်ရှင်က သဘောတူညီခဲ့ပေမယ့် ၅ ရက်အကြာမှာ တောင်းဆိုဆန္ဒပြမှုကို ဦးဆောင်ခဲ့သူ အလုပ်သမား ၁၀ ဦးကို အလုပ်ထုတ်လိုက်ပါတယ်။
အောင်စိန်ချည်မျှင်နဲ့ ဆိုးဆေးစက်ရုံမှာ လုပ်ခလစာ အပါအ၀င် အလုပ်ချိန် သတ်မှတ်ပေးဖို့ အလုပ်သမား အခွင့်အရေး တောင်းဆိုချက်တွေကို သဘောတူညီခဲ့ပေမယ့် ဇွန် ၁၃ ရက်နေ့ မနက်က ဆန္ဒဖော်ထုတ်မှုမှာ ဦးဆောင်ခဲ့တဲ့ ၀န်ထမ်း ၁၀ ဦး အလုပ်ဆင်းဖို့ လာတဲ့အချိန်မှာ အလုပ်ခွင်အ၀င် လက်မှတ်ထိုးပြီးမှ စက်ရုံထဲကို ၀င်ခွင့်မပေးတော့တာပါ။
အလုပ်သမားခေါင်းဆောင်တဦးက “ကျနော်တို့က အလုပ်သမား စည်းမျဉ်းဥပဒေတွေ ချိုးဖောက်တာလည်း မရှိဘူး။ ကျနော်တို့ ဆန္ဒ ထုတ်ဖော်တောင်းဆိုတဲ့ အချိန်က စပြီး သူဌေးက အောက်လမ်းနည်း သုံးပြီး ကျနော်တို့ကို ခုလို ပထုတ်တာပေါ့နော်။ အဲလိုမျိုးဖြစ်တဲ့ကိစ္စကို ကျနော်တို့ အလုပ်သမားရုံးကို သွားတယ်။ သွားတဲ့အခါမှာ အလုပ်သမားရုံးက ညှိနှိုင်းတိုင်ပင်ရေးအဖွဲ့နဲ့ သူဌေးနဲ့ ဆွေးနွေးကြတယ်ပေါ့နော်။ ပြီးတော့ ကျနော်တို့ကို သူဌေးနဲ့ပြန်ပြီးတော့ ညှိလိုက်ပါဦးပေါ့နော်။ အခု ကျနော်တို့ ပြန်နေကြတယ်။ ခု သူဌေးက ကျနော်တို့ကို နေ့လယ် ၁ နာရီကျော်ကတည်းက စက်ရုံအပြင်မှာ ထားတယ်။ သူဌေးက ခု ကျနော်တို့ကို ထုတ်စာရိုက်နေတယ်။ ထုတ်စာက မပြီးသေးဘူး ခဏစောင့်ပါဦးလို့ ပြောနေတယ်။”
နေ့လယ် ၁ နာရီခွဲလောက်မှာ စက်ရုံတွင်းခေါ်ယူပြီး လုပ်ငန်းခွင် စည်းကမ်းများ လိုက်နာမှု မရှိဘူးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ လုပ်ငန်းတာဝန်ကနေ ရပ်နားလိုက်ကြောင်း စာရွက် တရွက်ကို ထုတ်ပေးခဲ့တာပါ။
အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေအနေနဲ့ မန္တလေးတိုင်း အလုပ်သမား ၀န်ကြီးဌာန မြို့နယ် ဖျန်ဖြေရေး အဖွဲ့တွေနဲ့ ဆက်လက်ဆွေးနွေးပြီး စက်ရုံတွင်းက နေထိုင်စားသောက်မှု မပြည့်စုံတဲ့ အခြေအနေတွေကို တင်ပြထားတယ်လို့ ပြောပါတယ်။
“ကျနော်တို့ ဆိုးဆေးဌာနဆိုတာ ရှိပါတယ်။ ဆိုးဆေးမှာ ဓာတုပစ္စည်းများ ပါပါတယ်။ အဲဒီက ထွက်တဲ့ရေ အက်ဆစ်ပါတဲ့ chemical တွေ ပါတဲ့ရေကို ကျနော်တို့ သောက်ရပါတယ်။ ကျနော်တို့ စက်ရုံတရုံလုံး သောက်ရတာပါ။ ကျနော်တို့ရဲ့ လူ့အခွင့်အရေးတွေ အဲလောက်တောင်ပဲ ဆုံးရှုံးနေပြီလား။ ဆက်လက်ပြီးလည်း တာဝန်ရှိတဲ့ အလုပ်သမားအဖွဲ့အစည်း အဆင့်ဆင့်ကို တင်သွားမယ်။”
အောင်စိန် ချည်မျှင်နဲ့ အထည်ဆိုးဆေးစက်ရုံမှာ ဇွန် ၈ ရက်နေ့ မနက်ပိုင်းက အလုပ်သမား ၉၀၀ ရှိတဲ့အနက် ၆၀၀ ကျော်က လုပ်ခလစာ နဲ့ အလုပ်ချိန် သတ်မှတ်မှုအပါအ၀င် အချက် ၆ ချက် တောင်းဆိုခဲ့ရာ ညနေပိုင်းမှာပဲ အလုပ်သမားဝန်ကြီးဌာန မြို့နယ် ဖျန်ဖြေရေးအဖွဲ့တွေ လာရောက် ညှိနှိုင်းပေးခဲ့တဲ့အတွက် အလုပ်ရှင်က တောင်းဆိုချက် ၆ ချက်စလုံးကို သဘောတူညီခဲ့တာပါ။
ဖားကန့်တွင် မိုးကြီး၍ မြေပြို
ဖားကန့်တွင် မိုးကြီး၍ မြေပြို
by ကျော်ခ
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် တပတ်ခန့် မိုးဆက်တိုက်ရွာပြီးနောက် ကျောက်စိမ်းတွင်း တူးဖေါ်ရာမှ ထွက်ရှိသော မြေစာပုံများ ပြိုကျသဖြင့် နေအိမ်တချို့ မြေပိသွားခြင်း၊ ရေထဲမျောပါသွားခြင်းများရှိကြောင်း ဒေသခံများက ပြောသည်။

ဖားကန့်မြေတွင် တပတ်ခန့်အကြာ မိုးဆက်တိုက်ရွာခဲ့ပြီး ယခုလ ၁၁ ရက်နေ့က ကျောက်စိမ်းတွင်း တူးဖော်ရေး လုပ်ကွက်များ အနီးရှိ မော်မောင်းလယန် ကျေးရွာမှ အိမ်ခြေ ၇ လုံး မြေစာပုံများ၏ အောက်တွင် ပိသွားသကဲ့သို့ ဗလခ ကျေးရွာတွင်လည်း နေအိမ် ၁၂ လုံး ရေထဲမျောပါ ပျက်စီးသွားကြောင်း သိရသည်။
အဆိုပါဖြစ်ရပ်များကြောင့် လူအသေအပျောက် မရှိသော်လည်း အိမ်နှင့် အိမ်တွင်းပစ္စည်းများ၊ အိမ်မွေးတိရစ္ဆာန်များ သယ်ဆောင်ချိန် မရလိုက်၍ ဆုံးရှုံးခဲ့ရသည်ဟု မြို့ခံများက ပြောသည်။
“မြေစာပုံတွေက တောင်ကြီးတွေလိုဖြစ်နေတာ၊ မိုးက ဆက်တိုက်ရွာတော့ ပြိုကျပြီး အောက်မှာရှိတဲ့ ရွာထဲက အိမ်တွေပေါ် ပိကျကုန်တာ။ လူတွေက အချိန်မီရွှေ့လိုက်နိုင်ပေမယ့် အိမ်နဲ့ ပရိဘောဂ ပစ္စည်းတွေတော့ ယူချိန်မရလိုက်ဘူးပေါ့ဗျာ” ဟု မြို့ပေါ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရုံးအဖွဲ့မှူး ဦးခင်မောင်ချင်းက ဧရာဝတီသို့ ပြောသည်။
ဗလခ ကျေးရွာရှိ အိမ် ၁၂ လုံးမှာလည်း ရေတိုက်စားမှုကြောင့် မျောပါပျက်စီးခဲ့ပြီး ဖားကန့်မြို့သို့ အဓိက ဆက်သွယ် ထားသော ဆိပ်မူ တံတားလည်း ရေကြီးမှုကြောင့် ကျိုးပျက်သွားကြောင်း သိရသည်။
ကျောက်တွင်း မြေစာများ မျောပါနေမှုကြောင့် နုန်းမြေများတက်လာသဖြင့် ချောင်းနှင့် မြောင်းတချို့ပိတ်ဆို့ကာ ရေကြီး၊ ရေလျှံမှု ဖြစ်နေကြောင်း၊ ဒေသခံများမှာ သွားလာရန် အခက်အခဲ ကြုံတွေ့ နေရကြောင်း၊ ဖားကန့် NLD ရုံးတဝိုက်တွင်လည်း ရေ ၄ ပေခန့် နစ်မြုပ်လျက် ရှိကြောင်းသိရသည်။
ယင်းသို့ ရေကြီးမှုကြောင့် လမ်းပန်း ဆက်သွယ်မှုနှင့် ကုန်စည်ကူးသန်းမှု ပျက်တောက်မှုများမရှိသေးကြောင်းနှင့် မိုးဆက်တိုက် ရွာသွန်းနေမည်ဆိုပါက ဥတုချောင်း ရေလျှံမှုကြောင့် မြို့တွင်း ရပ်ကွက် အများစုမှာ ရေဘေးဒဏ်ခံရဖွယ်ရှိသည်ဟု ဖားကန့် သားတွေက ခန့်မှန်းပြောဆိုနေကြသည်။
“ဒီကရွာ တော်တော်များများက ရွာဘေးမှာ ကျောက်ကျင်းတွေရှိတာကိုး၊ စက်ယန္တယားတွေနဲ့ တူးပြီးပုံထားတဲ့ မြေဇာတွေက တော်တော်များများ ရှိကြတယ်လေ။ မိုးက နောက်ထပ် ဆက်တိုက်ရွာနေမယ်ဆိုရင်တော့ ထပ်ပြိုမယ့် အလားအလာရှိတယ်။ ဒီနေ့အထိ ဆက်တိုက်ရွာနေတုန်းပဲ” ဟု ဖားကန့်မြို့နယ်အတွင်းရှိ ကုဋေမှော် ရွာသားတဦးက ဧရာဝတီသို့ ပြောသည်။
ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းတွင်း တူဖေါ်ရေးလုပ်ငန်းများကို ယခင်လပိုင်း ကတည်းကပင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ညွှန်ကြားချက်ဖြင့် ရပ်ဆိုင်းထားသည်။
ဖားကန့်ဒေသတွင် နှစ်စဉ်ရေကြီးမှုများ ဖြစ်ပေါ်လေ့ရှိပြီး ၂၀၀၉ ခုနှစ် ဇူလိုင်လ ကလည်း မိုးသည်းထန်စွာ ရွာသွန်းရာမှ ဥရုချောင်းရေလျှံကာ မြေပြိုမှု ဖြစ်ပွားသောကြောင့် လူ ၂၀ ကျော် သေဆုံးပြီး လူအများအပြား ပျောက်ဆုံးမှုဖြစ်ခဲ့ကြောင်း ဒေသအာဏာပိုင်များက ထုတ်ပြန်ခဲ့ဖူးသည်။ ၂၀၀၈ ခုနှစ်ပိုင်းကလည်း မိုးကြီးမှုကြောင့် လူ ၁၀ ဦးကျော် သေဆုံးခဲ့သည်။
အလားတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်မှ သီတာရပ်ကွက်နှင့် မြို့သစ်ကြီးရပ်ကွက်တို့ အပါအဝင် မြေနိမ့်ပိုင်း ရပ်ကွက်တချို့တွင် ယခုလ ၁၀ ရက်နေ့မှစ၍ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရေထု ၄ ပေခန့် နစ်မြုပ်နေကြောင်း ဒေသခံ အာဏာပိုင်များက ပြောသည်။
“မိုးကတော့ ခုလည်းရွာနေတုန်းပဲဗျ။ တချို့ရပ်ကွက်တွေမှာဆို မြို့ထဲကားလမ်း ပလက်ဖောင်းတွေတောင် မြုပ်တယ်” ဟု မြစ်ကြီးနားမြို့ အမှတ် ၂ ရဲစခန်းမှ ရဲအရာရှိတဦး က ဧရာဝတီသို့ ပြောသည်။
မြစ်ကြီးနားမြို့ခံ တဦးကလည်း “မိုးနေ့တိုင်းရွာနေတော့ အလုပ်လုပ်လို့မရဘူး။ မြို့သစ်ကြီးရပ်ကွက်က တချို့အိမ်တွေမှာဆို ရေက ခါးလယ်လောက်ရှိတယ်။ သူက လယ်ကွင်းတွေကို မြို့သစ်တည်ထားတာဆိုတော့ အနိမ့်ပိုင်းကျပြီး ပိုမြုပ်တာပေါ့။ သီတာရပ်ကွက်မှာတော့ တနေ့က စပြီး အစိုးရမူကြိုကျောင်းတောင် ပိတ်ထားလိုက်ရတယ်၊ ရေကြီးလို့” ဟု သူက ပြောသည်။
ယခုလ ၁၂ ရက်နေ့က မြစ်ကြီးနားမြို့တွင် မိုးရေချိန် ၉. ၆၅ လက္မ အထိ ရွာသွန်းကြောင်း၊ ရာသီဥတုဆိုင်ရာ သတင်းများကို ထုတ်ပြန်ပေးနေသော မိုးဇလ ပညာရှင် ဒေါက်တာ ထွန်းလွင်၏ Myanmar Climate Change Watch (MCCW) အင်တာနက် စာမျက်နှာတွင် ရေးထားသည်။
တပတ်ခန့်အကြာ မိုးဆက်တိုက်ရွာသွန်းမှုဖြစ်နေချိန်တွင် ကချင်ပြည်နယ် တောတောင်များအတွင်း အစိုးရတပ်များနှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIO) တို့အကြား တစ်နှစ်ကျော်ကြာ ဖြစ်ပွားနေသော တိုက်ပွဲများ လျော့ကျသွားကြောင်း စုံစမ်းသိရှိရသည်။
မြန်မာ ၁၁ ဦး ထိုင်း ငါးဖမ်းလှေတွင် ရောင်းစားခံရ
မြန်မာ ၁၁ ဦး ထိုင်း ငါးဖမ်းလှေတွင် ရောင်းစားခံရ
by သန်းထိုက်ဦး
ထိုင်းနိုင်ငံ ချွန်ဘူရီ မြို့နယ်ရှိ ဆဲမ်ဆမ် လှေဆိပ်တွင် ရေလုပ်သားများ အဖြစ် ရောင်းစား ခံထားရသည့် မြန်မာ နိုင်ငံသား ၁၁ ဦးကို ထိုင်း အာဏာ ပိုင်များက မကြာသေးမီ ရက်ပိုင်းက သွားရောက် ကယ်တင်ခဲ့သည်။

ရောင်းစား ခံထားရသူ တဦး၏ တိုင်ကြားချက် အရ ယခု တပတ် အင်္ဂါနေ့က ဆဲမ်ဆမ် လှေဆိပ်မှ လှေ ၂ စီးကို ထိုင်း အထူး စုံစမ်း စစ်ဆေးရေး ဌာန (DSI) က ၀င်ရောက် စီးနင်း၍ ကယ်တင် ခဲ့ကြောင်း ထိုင်းနိုင်ငံ မဟာချိုင် အခြေစိုက် အလုပ်သမား အခွင့်အရေး မြှင့် တင်မှု ကွန်ရက် (LPN) အဖွဲ့မှ ဒါရိုက်တာ ဆွန်ပေါင် ဆာကရော့ (Sompong Sakaew) က ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံသား ၁၁ ဦးနှင့် စပ်ဆက်၍ လူကုန်ကူးမှုနှင့် ပတ်သက်သည်ဟု ယူဆရသော မွန်တိုင်းရင်းသား ၃ ဦးကို ထိုင်း အာဏာ ပိုင်များက ဖမ်းဆီးထားပြီး ပြန်လည် လွတ်မြောက်လာသူများကိုလည်း ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း သိရသည်။
“မဲဆောက်က ပွဲစားတွေက သူတို့ကို စက်လှေ လိုက်စရာ မလိုဘဲ ငါးလုပ်ငန်း စက်ရုံတွေမှာ အလုပ်လုပ်ရမယ် ပြောတယ်။ ဒါကြောင့် သူတို့ လာလုပ်ကြတာ”ဟု ဆွန်ပေါင် ဆာကရော့က ဆက်ပြောသည်။
ထိုင်းသတင်းများတွင် ဖော်ပြချက်အရ လူကုန်ကူးမှုနှင့် ဆက်စပ်၍ ဖမ်းဆီးခံထားရသည့် မွန်တိုင်းရင်းသား ၃ ဦးနှင့် လှေပိုင်ရှင်တို့ ကို ထိုင်းအာဏာပိုင်များက စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
“အဲဒီ မွန် လူမျိုးတွေက လှေအလုပ်သမားတွေကို တနေ့ ဘတ်ငွေ ၃၀ ပေးပြီးတော့ နာရီ ၂၀ အထိ အဓမ္မ အလုပ် ခိုင်းတယ်”ဟု DSI တာဝန်ရှိသူ တဦး၏ ပြောကြားချက်ကို ကိုးကား၍ ထိုင်း သတင်းများတွင် ဖော်ပြထားသည်။
မြန်မာ နိုင်ငံသားများသည် ထိုင်းနိုင်ငံ၌ အထည်ချုပ် စက်ရုံ အပါအ၀င် ဈေး၊ စားသောက်ဆိုင်၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်ဖော်၊ လိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် အလုပ် လုပ်ကိုင်နေကြပြီး ခေါင်းပုံဖြတ်ခံရခြင်းများ မကြာခဏ ကြုံတွေ့ နေရကြောင်း သတင်း များအရ သိရသည်။
ပြီးခဲ့သည့် မေလကလည်း ချွန်ဘူရီမြို့နယ် အချောင်းလှေဆိပ်တွင် ရောင်းစားခံရပြီး ချုပ်နှောင် ခိုင်းစေခံနေရသည့် မြန်မာနိုင်ငံ သား၂၀ ခန့်ကို ဒေသခံ အာဏာပိုင်များနှင့် အလုပ်သမားအရေး ဆောင်ရွက်နေသူများက ကယ်တင်ခဲ့သည်။
၂၀၁၀ ပြည့်နှစ် ဧပြီလ၂၅ ရက်နေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာတွင် ထိုင်းနှင့်မြန်မာ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကို နှစ်နိုင်ငံ တာဝန်ရှိသူများ လက်မှတ်ရေးထိုးကြကြောင်း ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံအတွင်း လာရောက် အလုပ်လုပ်နေသော ရွှေ့ပြောင်း မြန်မာအလုပ်သမား၂ သန်းခွဲမှ ၄ သန်း ၀န်းကျင် ရှိနိုင်ကြောင်း အလုပ်သမားအဖွဲ အစည်းများက ခန့်မှန်းထားသည်။
ဒလမြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေ
ဒလမြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေ
by အောင်စိုးထိုက်
ရန်ကုန်တိုင်း ဒလမြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသစရိတ်ကြီးမြင့်ပြီး ဆရာဝန်တွေအနေနဲ့ လူနာတွေကို စောင့်ရှောက်မှုအပိုင်း အားနည်းတာတွေကြောင့် အခြေခံ လူတန်းစားတွေအနေနဲ့  ဒီဆေးရုံမှာ ဆေးကုသဖို့ အခက်တွေ့နေရပါတယ်။
ဆေးရုံမှာ ဆေးပစ္စည်း ကိရိယာတွေသာမက ဆရာဝန်၊ သူနာပြု စတဲ့ဆေး ၀န်ထမ်းတွေ ရဲ့ စောင့်ရှောက်မှု အားနည်းတာကြောင့် လူနာတွေ ပိုပြီးဒုက္ခရောက်နေတဲ့အကြောင်းနဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ဝမ်းရောဂါနဲ့ ရောက်လာတဲ့ ကလေးတယောက်ကို အချိန်မီ ကုသမပေးတဲ့အတွက် အသက်ဆုံးရှုံးမှု ဖြစ်ခဲ့ရတယ်လို့  သေဆုံးသွားတဲ့ ကလေးရဲ့မိခင်က ပြောပါတယ်။
အခုလို ဝမ်းရောဂါဖြစ်ပွားနေတဲ့ အချိန်မှာ မြို့နယ်အလိုက် ပြည်သူ့ဆေးရုံတွေအနေနဲ့ ထိထိရောက်ရောက် ဝိုင်းဝန်းဆောင်ရွက်ပေးမှ အသေအပျောက် နည်းမှာဖြစ်ပြီး ဆေးဖိုး မတတ်နိုင်သူ ငွေကြေးချို့တဲ့သူတွေအနေနဲ့ အခုလို ဝမ်းရောဂါဖြစ်တဲ့ ရာသီမှာ ဆေးရုံပြဖို့ အခက်အခဲ ရှိနေတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။ ဒလမြို့နယ်ဟာ ရေရှားပါးတဲ့ ဒေသဖြစ်တာကြောင့် ကန်ရေကို အားထားသုံးရတဲ့ မြို့နယ် ဖြစ်ပါတယ်။
နွေရာသီမှာ ရေကန်တွေခန်းခြောက်ပြီး မသန့်ရှင်းတဲ့ (မြောင်းရေ) တွေကို သုံးစွဲရတဲ့အတွက် ကျန်းမာရေး ထိခိုက်ပါတယ်။ နှစ်စဉ် ဒလမြို့နယ်မှာ ဝမ်းရောဂါဖြစ်ပွားလေ့ရှိပြီး အခုနှစ်မှာတော့ ဆေးခန်းတွေမှာ ဝမ်းရောဂါပိုးတွေ့ရတဲ့ လူနာအယောက် ၁၀၀ ကျော်သွားပြီလို့ အမည်မဖော်လိုတဲ့ ဒလမြို့နယ်က ဆရာဝန်တဦးက ပြောပါတယ်။
အစိုးရအနေနဲ့ ကျန်းမာရေး ဘတ်ဂျက်ကို တိုးမြှင့်သုံးစွဲတယ်ဆိုပေမယ့် ကျန်းမာရေးဆိုင်ရာ ကဏ္ဍ အသီးသီးမှာ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။
သက်ကယ်ပင်သတ် ဆေးရည်ကို သောက်သည့်လူငယ် ဆေးရုံတင်ထားရ
သက်ကယ်ပင်သတ် ဆေးရည်ကို သောက်သည့်လူငယ် ဆေးရုံတင်ထားရ
နဒီမွန် – ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူဒေသ အနီးတဝိုက်တွင် ဒေသခံလူငယ်များ မူးယစ်ဆေး ပိုမိုသုံးစွဲလာမှုကြောင့် မကြာခဏဆိုသလို မူးယစ်ဆေးသုံးစွဲမှုပြဿနာများ ဖြစ်ပေါ်လျှက် ရှိသည်။

ယမန်နေ့ က ဘုရားသုံးဆူမြို့နယ်ခွဲ ကြံတောကျေးရွာတွင် နေထိုင်သည့် မောင်စွမ်ချယ် (၁၉) နှစ်သည် သက်ကယ်ပင်သတ်ဆေးရည်ကို သောက်လိုက်သည့်အတွက် ယခုထိုင်းနိုင်ငံ၊ စံခပူရီဆေးရုံမှာ တင်ထားရ ကြောင်းသိရသည်။
သူ့၏ မိခင်က “သူပိုက်ဆံ တောင်းတယ်၊ ကျမတို့မှာ မရှိတော့ မပေးလိုက်ရဘူး။ ကျမလည်း ခြံဆင်းသွားလိုက်တယ်။ ခဏနေကြာမှ ရွာက လူတွေလာခေါ်တော့ ကျမသား နတ်ဝင်တယ် ဆိုပြီးတော့ သွားကြည့်လိုက်မိတယ်၊ အဲဒီကို ရောက်တော့ ပါးစပ်မှာ အမြှုပ်ထွက်နေတဲ့ ကျမသားကို တွေ့ရတယ်။ သူနတ်ဝင်တာ မဟုတ်ဘူး၊ သက်ကယ်ပင်သတ်ဆေး သောက်ထားတယ်အမေ သူကျမကို ပြောတယ်”ဟု ပြောပြပါသည်။
မောင်စွမ်ချယ်၏ မိဘတို့က ခြံစိုက်ပျိုးသည့် အလုပ်ကို လုပ်ကိုင်ကြသည်။
ယင်းရွာတွင် ရွာ၏ဓလေ့အရ နတ်ကို ယုံကြည်မှုများ ရှိသည့်အတွက် မောင်စွမ်ချယ်မှာလည်း ခဏခဏဆိုသလို နတ်ဝင်ပူးသည့် အဖြစ်ဆိုးများနှင့် ကြုံခဲ့ဖူးပါသည်။ ထို့ကြောင့် ပထမတုန်းက နတ်ဝင်ပူးသည်ဟုသာ ထင်ကြ သည်ဟု သူ၏မိခင်က ပြောပါသည်။
သည်လိုဖြစ်ရခြင်းသည် ဤခလေးတွင် မူးယစ်ဆေးဝါးသုံးသည့်အတွက် မူးယစ်ဆေးဝယ်သုံးရန် မိဘဆီမှာ ပိုက်ဆံတောင်းမရသည့်အတွက် ဒီဆေးကို သောက်ခြင်းဖြစ်သည်ဟုလည်း ၄င်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောပြပါသည်။
မောင်စွမ်ချယ်သည် ယင်းဆေးရည်ကို ၄င်းဆေးဗူ၏ အဖုံးခွက် (၃) ခွက်စာကို သောက်လိုက်သည်ဟုလည်း သူက မိခင်ကို ပြောပြခဲ့သည်။
“(၃) ခွက် သောက်လိုက်တယ်တဲ့၊ အဲဒါနဲ့ ဆေးရုံ ပြေးတင်လိုက်ရတယ်။ အခု သူကိုဆရာဝန်က အစာမပေး စားဘူး၊ ဝမ်းအတွင်းကို ဝင်သွားတဲ့ ဆေးရည်များကို ပြန်ဆုတ်ယူပြီး စာအိမ်ကို ဆေးကြော နေတုန်းဘဲ ”ဟု သူမိခင်က ပြောပြခဲ့သည်။
ယင်းနေ့တွင်ဘဲ ၄င်းရွာက လူငယ် (၅) ယောက်ကို မူးယစ်စိတ်ကြွဆေး သုံးစွဲမှုဖြင့် ၄င်းဒေသတွင် တာဝန်ကျ သည့် မွန်ပြည်သစ်ပါတီက ဖမ်းဆီးခဲ့သည်ဟု ၄င်းဒေသခံတို့က ပြောပါသည်။
ယခုလိုမူးယစ်ဆေးဝါး၊ စိတ်ကြွဆေးပြားများကို အလွယ်တကူ ဝယ်ယူနိုင်သည့်အတွက် ၄င်းဒေသရှိ မိဘများက သားသမီးများ၏ ရှေ့ ရေးကို စိုးရိမ်ပူပန် နေကြသည်။ ၄င်းဒေသမှာ မူးယစ်ဆေးဝါး ပပျောက်အောင် အားလုံးက အရေးတယူ ဆောင်ရွက်ပေးစေချင်တယ်ဟုလည်း ပြောဆိုနေကြပါသည်။
ဆယ်တန်းအောင်ချက် မွန်ပြည်နယ် လေးနှစ်ဆက်တိုက် အကောင်းဆုံး
ဆယ်တန်းအောင်ချက် မွန်ပြည်နယ် လေးနှစ်ဆက်တိုက် အကောင်းဆုံး
by ကွန်းချမ်း
စံခလပူရီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ စာစစ်အဖွဲ့၏ ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်သည် အောင်ချက်အကောင်းဆုံး ရရှိပြန်သဖြင့် လေးနှစ်ဆက် တိုက် အောင်ချက်အကောင်းဆုံး ရရှိခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် ပညာရေးမှူး ဦးမင်းထွန်းတင်က ပြောသည်။
ဇွန်လ ၉ ရက်နေ့က ပြည်နယ်နှင့် တိုင်းအလိုက် အောင်စာရင်များ ထုတ်ပြန်ချက်တွင် မွန်ပြည်နယ်မှ ဖြေဆိုသူ ၁၃,၇၉၆ ဦး ရှိသည့်အနက် ၇,၂ဝ၂ ဦး အောင်မြင်ခဲ့၍ အောင်ချက် ၅၂ ဒဿမ ၂ ရာခိုင်နှုန်းဖြင့် ပထမ ရရှိခြင်း ဖြစ်သည်။
“အောင်ချက် မြင့်မားရေးအတွက် အကြမ်းဖျဉ်း ပြောရရင် ကျနော်တို့ အချိန်ပိုတွေ ခေါ်တယ်။ ည စာဖတ်စခန်း သွင်းတယ်၊ အစမ်းစားမေးပွဲတွေ လုပ်တယ်။ အဲဒါ အဓိကပဲ” ဟု ဦးမင်းထွန်းတင် က ရှင်းပြသည်။
ဒုတိယနှင့် တတိယ အောင်ချက် အကောင်းဆုံးအဖြစ် တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ် တို့က အသီးသီး ရရှိ သွားကြသော်လည်း ရာခိုင်နှုန်း မည်မျှရှိသည်ကို မသိရသေးကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးက ပြောသည်။ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ မဇ္ဈိမက ဆက်သွယ် မေးမြန်းသော်လည်း ၎င်းတို့ဌာန အနေနှင့် အောင်ချက်စာရင်းကို သတင်းဌာနများသို့ ပြောခွင့် မရှိကြောင်း ပြန်လည်ဖြေကြားသည်။
မွန်ပြည်နယ်မှ အောင်မြင်သူများအနက် ခြောက်ဘာသာ ဂုဏ်ထူးရှင် ၁၃ ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၂၆ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၁၇၉ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၂၆၈ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၃ဝ၈ ဦးနှင့် တဘာသာ ဂုဏ်ထူးရှင် ၁,၃၈၁ ဦး ရှိပြီးသည်ဟု ပြည်နယ် ပညာရေးရေးမှူးရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။
“မွန်ပြည်နယ်က နှစ်တိုင်းလိုလို အောင်ချက် အကောင်းဆုံးပဲ၊ ၂ဝဝ၇ - ၂ဝဝ၈ ပညာသင်နှစ် တခုပဲ တနင်္သာရီတိုင်း နောက် ကပ်ပြီး ပထမနဲ့ လွဲသွားတယ်” ဟု သူက ပြောသည်။
မွန်ပြည်နယ်သည် ၂ဝ၁ဝ-၂ဝ၁၁ ပညာသင်နှစ်တွင် အောင်ချက် ၄၃ ဒဿမ ၃၃ ရာနှုန်းဖြင့် လည်းကောင်း၊ ၂ဝဝ၉-၂ဝ၁ဝ ပညာသင်နှစ်တွင် ၄၂ ဒဿမ ဝ၈ ရာနှုန်းဖြင့် လည်းကောင်း၊ ၂ဝဝ၈-၂ဝဝ၉ ပညာသင်နှစ်တွင် ၄၂ ဒဿမ ၅ဝ ရာနှုန်းဖြင့်လည်းကောင်း တနိုင်ငံလုံးတွင် မွန်ပြည်နယ်က အောင်ချက်အကောင်းဆုံး ရရှိခဲ့သည်။
ကျေးလက်ဒေသရှိ ကျောင်းများနှင့် မြို့ပေါ်ကျောင်းများ နှိုင်းယှဉ်ချက်အရ မြို့ပေါ်ကျောင်းများရှိ ကျောင်းသူ ကျောင်းသားများမှာ ဘော်ဒါဆောင်များ၊ ကျူရှင်များတွင် သင်ကြားခြင်းကြောင့် ကျေးလက်ကျောင်းများထက် အောင်ချက်ကောင်းကြောင်း မုဒုံမြို့ပေါ်မှ ကျောင်းသားမိဘများက ပြောသည်။
ကျောင်းသားတဦး၏ တနှစ်တာ ဘော်ဒါဆောင်ကြေးမှာ မွန်ပြည်နယ်တွင် အနည်းဆုံး ၁၆ သိန်းမှ ၂၅ သိန်းထိ ရှိပြီး တပြည်နယ်လုံးတွင် ဘော်ဒါဆောင် တရာကျော် ရှိကြောင်း မော်လမြိုင်မြို့မှ တက္ကသိုလ်ကျောင်းသား တဦးက ခန့်မှန်းထားသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသူ/ကျောင်းသား ခြောက်သိန်းခန့် ရှိပြီး တနိုင်ငံလုံးအတိုင်းအတာအရ နှစ်စဉ် အောင်ချက် ရာနှုန်း ၃၀ ကျော် ရှိကြောင်း သိရသည်။
KIO နှင့် အစိုးရအကြား နေ့စဉ် တိုက်ပွဲငယ်များ ဖြစ်ပွားနေဆဲ
KIO နှင့် အစိုးရအကြား နေ့စဉ် တိုက်ပွဲငယ်များ ဖြစ်ပွားနေဆဲ
by ဖနိဒါ
ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်အနီးတဝိုက်တွင် ယခုရက်ပိုင်းအတွင်း အစိုးရတပ်များနှင့် တိုက်ပွဲဖြစ်ပွားမှု လျော့နည်းသွားသော်လည်း တရုတ်-မြန်မာနယ်စပ် ပန်ဝါမြို့နယ်တွင် သောကြာနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု KIO ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ဝင်တဦးဖြစ်သည့် ဒု-ဗိုလ်မှူးကြီး ဂျီးနောင် က ပြောသည်။
နယ်စပ် မှတ်တိုင် ၇ နယ်မြေအနီး ပန်ဝါမြို့နယ် မြန်မာအစိုးရ တပ်ရင်း ၃၃၇ နှင့် ၃၇ တပ်ဖွဲ့များ လှုပ်ရှားလာမှုများ ရှိလာသဖြင့် KIO တပ်မဟာ ၁ တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်။
“နေ့တိုင်း ပစ်ခတ်နေရတယ်။ ဒီနေ့က ပန်ဝါဘက် မှတ်တိုင် ၇ အနောက်ဘက်မှာ တိုက်ပွဲဖြစ်တယ်။ ထိပ်တိုက် တွေ့ကြ တယ်။ KIO ဘက်ကတော့ တပ်ရင်း ၁ နဲ့က အောက်ပိုင်းမှာ တိုက်ကြတယ်။ တပ်ရင်း ၇ တပ်ဖွဲ့တွေက အထက်ပိုင်းမှာ တိုက်တယ်။ သူတို့ လှုပ်ရှားလာတာနဲ့ ပစ်တာပဲ” ဟု ဒုဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။
မြို့များနှင့် အနီးတဝိုက်တွင် တိုက်ပွဲများ မဖြစ်ပွားတော့သောလည်း ဝေးလံသည့် ဝိုင်းမော်မြို့နယ် ဆဒုံး၊ ပန်ဝါဘက် တွင် နေ့စဉ် စစ်ရေးအခြေအနေ ဆက်လက် တင်းမာနေဆဲ ဖြစ်သည်ဟု သူက ပြောသည်။
“ခုလောလောဆယ် လူတွေ့မဲ့ နေရာမှာတော့ နည်းနည်းရပ်ထားတယ်။ လူမတွေ့တဲ့ နေရာမှာတော့ မရပ်သေးဘူး၊ အရင်လိုတော့ မရှိတော့ဘူး။ ခုဖြစ်တဲ့နေရာတွေက လမ်းပန်းဆက်သွယ်ရေးခက်တော့ တိုက်ပွဲ သိပ်ပြင်းထန်တာ မရှိဘူး” ဟု မဇ္ဈိမကို ပြောသည်။
ထို့ပြင် ဇွန်လဆန်းပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာအစိုးရတပ်များ လှုပ်ရှားမှု ရှိလာသဖြင့် KIO တပ်မဟာ ၄ တပ်ရင်း ၉ ဒေသဘက်တွင် တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် KIO ခေါင်းဆောင်များ ဇွန်လ ၁ ရက်နေ့က ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေး ခဲ့ပြီးနောက် ပြေလည်မှုမရသေးသော်လည်း KIO ဌာနချုပ် အနီးတစိုက်တွင် တိုက်ပွဲများ ဖြစ်ပွားမှု လျော့နည်းသွား သည်ဟု သိရသည်။
သို့သော် လိုင်ဇာဌာနချုပ်အနီး ချထားသည့် အစိုးရတပ်အင်အားများ လျော့သွားခြင်း မရှိသေးပေ။
ဇွန်လ ၂ဝ ရက်နေ့တွင် ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နှင့် KIO ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဂွမ်မော် ဦးဆောင်သော အဖွဲ့တို့ တွေ့ဆုံကြသည့်အခါ အစိုးရတပ်များ ၎င်းတို့နယ်မြေမှ ရုပ်သိမ်းပေးရန် KIO ဘက်မှ ဆက်လက် ဆွေးနွေးလိမ့်မည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန့်အောင်က ပြောသည်။
“အစိုးရဘက်က ထိုးစစ်ဆင်တာတွေ ရုတ်ပေးဖို့၊ နယ်ချဲ့ထားတဲ့ တပ်တွေ ရုတ်ဖို့ KIO ဘက်က တင်ပြထားတယ်။ အစိုးရဘက်က ဘယ်နေရာတွေ ဆုတ်ပေးမလဲ မသိဘူး။ ဒီတခေါက်လည်း ဒီဟာတွေပဲ ထပ်ဆွေးနွေးမယ်”ဟု မဇ္စျိမကို ပြောသည်။
KIO ဗဟိုဌာနချုပ် လိုင်ဇာအနီး လုန်ရောတ်ဘွမ်၊ မုဘွမ်၊ ပါဂျောင်စသည့် နေရာများနှင့် ကန်ပိုင်တီအနီး လဖိုင်၊ ဆန်ပိုင် စသည့်နေရာများ အပါအဝင် နေရာပေါင်း ၃ဝ ကျော်မှ အစိုးရတပ်များ ရုတ်သိမ်းပေးရန် တင်ပြခဲ့သည်ဟု ဆိုသည်။
၂ဝ၁၁ ခုနှစ် ဇွန်လမှ ပြန်လည်စတင်ခဲ့သည့် တနှစ်ကျော်ကြာ တိုက်ပွဲများကြောင့် စစ်ပြေး ဒုက္ခသည် ပေါင်း ၈ဝ,ဝဝဝ ခန့် ရှိလာပြီဖြစ်ပြီး ငြိမ်းချမ်းရေးသဘောတူညီမှုလည်း မရရှိသေးပေ။
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်၊ လားရှိုး၊ မူဆယ်၊ နမ်ဖတ်ခါ စသည့် မြို့နယ်များမှ စစ်ပြေးဒုက္ခသည် ကျောင်းသူ/ကျောင်းသား ၅ဝဝ ဦး မိုင်ဂျာယန် ဒုက္ခသည်စခန်းသို့ ထပ်မံ ရောက်ရှိလာသည်ဟု ဒုက္ခသည်များ ကူညီပေးရေး ကော်မတီမှ တာဝန်ခံ ဦးဒွဲပီဆား က ပြောသည်။
ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သည့် ပန်ဝါမြို့နယ်အတွင်း တိုက်ပွဲတွင် အစိုးရဘက်မှ စစ်ဗိုလ်တဦးနှင့် တပ်သား နှစ်ဦး ကျဆုံးခဲ့ပြီး KIO စစ်တပ်ဖွဲ့ဘက်မှ ထိခိုက်မှု မရှိကြောင်း ဦးဒွဲပီဆားက ပြောဆိုသော်လည်း မဇ္ဈိမမှ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။
ကေအိုင်အိုနှင့်ပတ်သက်ဆက်နွယ်သူဟု ယူဆသူများအား အစိုးရမှ လိုက်လံဖမ်းဆီးနေ
ကေအိုင်အိုနှင့်ပတ်သက်ဆက်နွယ်သူဟု ယူဆသူများအား အစိုးရမှ လိုက်လံဖမ်းဆီးနေ
ကချင်ပြည်နယ်တွင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် ဆက်သွယ်နေသူများဟု ထင်မှတ်သူများအား လိုက်လံဖမ်းဆီးထားသော ပုဒ်မ ၁၇(၁) အမှုပေါင်း (၂၉) မှု ရှိနေပြီး ယမန် ဖမ်းဆီးထားသူများမှာ ၂၀ ကျော်ရှိနေကြောင်း ကချင်ပြည်နယ် တရားရုံးမှ သိရသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် မြန်မာအစိုးရကြား ပြီးခဲ့သည့် ၂၀၁၁ခုနှစ် ဇွန်လမှစ၍ စစ်ပွဲဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်မှ ကေအိုင်အိုနှင့် ပတ်သက်ဆက်နွယ်သည်ဟု ယူဆသူများအား လိုက်လံဖမ်းဆီးအရေးယူနေခြင်းဖြစ်သည်။
“အခု ဝိုင်းမော်က ၁၇ (၁) အမှုတွေလည်း အားလုံး မြစ်ကြီးနားတရားရုံးချုပ်မှာ စစ်ဆေးနေပြီ။ ဇော်ဆိုင်း အမှုက မပြီးသေးဘူး။ တရားလိုပြ သက်သေ စစ်ဆေးနေတုန်းပါ။” ဟု ပုဒ်မ ၁၇(၁)မှုဖြင့် အဖမ်းခံရသော ဇော်ဆိုင်းအမှုအား ရှေ့နေလိုက်ပေးနေသူ ရှေ့နေဘန်ထွယ်က ပြောသည်။
၂၀၁၁ခုနှစ် နိုဝင်ဘာလမှ စတင်ဖမ်းဆီးနေခြင်းဖြစ်၍ ပြီးခဲ့သည့် မေ လပိုင်းတွင် ပုဒ်မ ၁၇(၁) အမှုမှာ ၂၆ မှု ရှိနေပြီး ယခု ထပ်မံအမှု များလာခြင်းဖြစ်သည်။
ဆက်လက်ပြီး ကေအိုင်အိုနှင့် မြန်မာအစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေးနေဆဲ ကာလတွင် ယခင်ထက် ပိုမိုများပြားလာနိုင်သည်ဟု အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဘွဲဘူက သုံးသပ်ပြောဆိုသည်။
“သက်သေဆိုတာလည်း သူတို့မြင်တာမှ မဟုတ်တာ။ နိုင်ငံရေးပေါ်ပဲ မူတည်တယ်။” ဟု ဒေါ်ဘွဲဘူက ပြောသည်။
ပုဒ်မ ၁၇ (၁) အမှုနဲ့ ပတ်သက်ပြီး ဒုသမ္မတ စိုင်းမောက်ခမ်းကလည်း ဒေါ်ဒွဲဘူအား ၎င်းအမှုဖြင့် ဖမ်းဆီးခံရသည့် အမှု စာရင်းတင်ပြရန် မေလ (၃) ရက်နေ့တွင် ညွန်ကြားခဲ့သည်။
ထို့ကြောင့် ဒေါ်ဒွဲဘူမှ ပုဒ်မ ၁၇ (၁) အမှုအရ ဖမ်းဆီးစစ်ဆေးနေသည့် အမှုပေါင်း စာရင်းအား ပြည်သူ့လွှတ်တော်ရုံးမှ တဆင့် သမ္မတ ရုံးသို့ ဇွန်လ (၅) ရက်နေ့တွင် တင်ပြထားသည်။
ပုဒ်မ ၁၇(၁)အမှုသည် အမြင့်ဆုံးထောင်ဒဏ် (၃)နှစ် ရှိသည်။
သျှမ်းသူပုန်သတင်းလိုက်မေး ကျေးလက်ရွာသားတဦးအား အစိုးရတပ် ဖမ်းဆီးသတ်ဖြတ်
သျှမ်းသူပုန်သတင်းလိုက်မေး ကျေးလက်ရွာသားတဦးအား အစိုးရတပ် ဖမ်းဆီးသတ်ဖြတ်
သျှမ်းပြည်မြောက်ပိုင်း သီပေါ၊ နမ္မတူမြို့နယ်အတွင်း လှုပ်ရှားသည့်အစိုးရတပ်က သျှမ်းသူပုန်သတင်းလိုက်လံ မေးမြန်းကာ ဒေသခံလူထုအား ရိုက်နှက်စစ်ဆေးမှုကြောင့် ဒေသခံတဦးသေဆုံးသွားပါသည်။

“ကျနော်တို့ရွာထဲကိုဝင်လာပြီး ချောဆွဲတယ်၊ အဲဒီအထဲမှာ စိုင်းပီးလဲ တယောက်ပါသွားတယ်၊ ဖမ်းခေါ် သွားပြီး နောက်တရက်မှာဘဲ စိုင်းပီးအသတ်ခံလိုက်ရတော့တာဘဲ၊ ဒီကိစ္စမြို့တက်ပြီး နိုင်ငံရေးပါတီတွေဆီကို စာနဲ့ပေနဲ့ တိုင်တမ်းဖို့ ပြင်ဆင်ထားတယ်” - ဟု ဝမ့်ဆန်းအုပ်စု ဒေသခံ ရပ်မိရပ်ဖတဦး ကပြောပါသည်။
ဂျွန် ၇ ရက်နေ့က သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် အရှေ့တောင်ဘက် မိုင် ၂၀ ကျော် မန့်ဆန်း ကျေးရွာ အုပ်စုဝင် မန့်ကောင်းဝိန်းရွာသားများအား အစိုးရတပ် ခမရ ၅၀၃ မှ ဗိုလ်ကြီးလှိုင်ထွန်း ဦးဆောင်သည့် စစ်ကြောင်း တကြောင်းက ဖမ်းဆီးသွားခဲ့၏။ စိုင်းပီး အသက် ၄၂ ကိုလည်း ဂျွန် ၇ ရက် ကတည်းက ဖမ်းဆီး ရိုက်နှက်သဖြင့် ၈ ရက်နေ့ နံနက် ၁၀ နာရီ အချိန်သေဆုံးခဲ့ရ၏။ စိုင်းပီး၏အလောင်းအား ရွာအပြင်ဘက် တော ပိုင်းတစ်နေရာ ၌ မြှုပ်နှံလိုက်သည်ဟု ပေါ်တာဖမ်းဆီးခံရသူများ အသိုင်းဝိုင်းက ပြောပါသည်။
“ကျနော်တို့တပ်ဖွဲ့ ဘယ်မှာ ရှိလဲဆိုတာ သူတို့သိတာဘဲ။ ကျနော်တို့ဆီတော့ မလာဘူး။ စိုင်းပီးသေသွားတဲ့ကိစ္စ ကျနော်တို့ လဲကြား တယ်။ ၈ ရက်နေ့မှာ အသတ်ခံလိုက်ရတယ်။ မိသားစုဝင်တွေက ၉ ရက်နေ့မှာမှအလောင်း ရှာ တူးယူပြီး ဘုန်းကြီးပင့် သရဏဂုံတင်၊ အသုဘ ပေးပြီးမှ ပြန်သင်္ဂြိုလ်တယ်ပြောတယ်၊ တတ်နိုင်တဲ့ဘက်က ကျနော်တို့လဲပံ့ပိုးပေးပါတယ်။ ကျနော်တို့တွေက အပစ်ရပ်ထားပြီဘဲ၊ အဲဒီလိုမျိုးမလုပ်သင့် ပါဘူး၊ ကျနော်တို့လဲ ဒီ စိုင်းပီး ကိစ္စကို ထပ်တင်ပြသွားပါ့မယ်” - ဟု ဒေသအတွင်း လှုပ်ရှားသည့် သျှမ်းပြည် တပ်မတော် အရာရှိ တဦးက ပြောပါသည်။
မန့်ဆန်းကျေးရွာ အုပ်စုဝင် မန့်ကောင်းဝိန်းရွာသည် မန့်ဆန်းရေကျ (မန့်ဆန်းရေတံခွန်) နှင့် ၇ မိုင်သာ ဝေးသည် ဟု ဆိုသည်။
စိုင်းပီး သည် အဖ ဆန်လုံ၊ အမိ နန်းဆာ တို့၏ သားဖြစ်ပြီး ဇနီး နန်းလီ၊ သား ၁ ယောက် သမီး ၃ ယောက် ၊ သမီးကြီး မှာ ၁၈ နှစ်ရှိပြီး သမီးငယ်မှာ ၄ နှစ် သာရှိသေးသည်ဟု မန့်ဆန်းဒေသခံများပြောပြချက်အရသိရပါ သည်။
သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် နှင့် မြန်မာအစိုးရတို့သည် ပြည်ထောင်စုအဆင့် ငြိမ်း ချမ်း ရေးတည်ဆောက် ထားနိုင်သည်ဟု ဆိုသော်လည်း အပစ်ရပ်ချိန် ဂျန္နဝါရီ ၂၈ ရက် မှစ၍ ယနေ့အထိ တိုက်ပွဲ ၁၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
လက်နက်ကိုင်အဖွဲ့နှင့် အစိုးရတို့ကြား ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်မည်သို့ပင်ရေးထိုးထားစေကာ မူ ၎င်းထိန်း ချုပ်နယ်မြေအတွင်း သွားလာလှုပ်ရှားပါက ရှင်းလင်းသုတ်သင်သွားမည်ဖြစ်ကြောင်း ကျောက်မဲ အခြေစိုက် စကခ ၁ မှူး ဗိုလ်မှူးကြီး ထွန်းထွန်းညီ က လက်အောက်ခံအရာရှိအရာခံများအား ပြောကြားဖူး ကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့် သို့ပြောဖူးပါသည်။
ဒုက္ခသည်များနေရပ်ပြန်လည်ပို့ဆောင်ရေးအတွက် အပစ်ရပ်သဘောတူညီချက်ဖြင့်မလုံလောက်သေး
ဒုက္ခသည်များနေရပ်ပြန်လည်ပို့ဆောင်ရေးအတွက် အပစ်ရပ်သဘောတူညီချက်ဖြင့်မလုံလောက်သေး
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၂ ဖွဲ့ကမြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဆွေးနွေးပြီး နောက် ပိုင်း နယ်စပ်နေဒုက္ခသည်များ နေရပ်ပြန်လည်အခြေချရေးဖိအားပေးသည့်အနေဖြင့် စေတနာရှင် တခိျု့ကရိက္ခာ ထောက်ပံ့မှု များဖြတ်တောက်မှုအပေါ် အချိန်မတန်သေးဟူသည့် ဆွေးနွေးချက်တရပ်ပါဝင်သည့် Ethnic Conflicts, Refugees and Sanction ဟူသော လက်ရှိမြန်မာ၏ ပြောင်းလဲခြင်း၏ဆွေးနွေးပွဲတရပ်ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲကို ဂျွန်လ ၁၄ ရက်ကကျင်းပခဲ့ခြင်းဖြစ်ပြီး ဒုက္ခသည်များအား နေရပ်ပြန်စေရန် အစာရေစာနှင့် အထောက်အပံ့များ ထောက်ပံ့မှုရပ်ဆိုင်းလိုက်သည်မှာ အချိန်မတန်သေးကြောင်း ထိုင်း မြန်မာနယ်စပ် တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) မှ Mr. Duncan McArthur က တက်ရောက် သူလူထု ၁၀၀ ကျော်အား ပြောသည်။
“ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ဘာတွေလိုအပ်သလဲဆိုတော့ (၁) တိုင်းရင်းသားနယ်မြေထဲကို အင်အားဖြည့် တိုးချဲ့ချလာ တဲ့မြန်မာစစ်တပ်တွေ တပ်ဆုတ်ပေးရမယ်။ (၂) ဒုက္ခသည်တွေပြန်လည် အခြေချတဲ့နေရာမှာကူညီ ထောက်ပံ့မှုပေးတဲ့ အဖွဲ့အစည်း ရှိရမယ်။(၃) လက်နက်ကိုင်တပ်ဖွဲ့တွေ အပစ်ရပ်သဘောတူညီချက်တွေအတိုင်း လိုက်နာရမယ့် စည်းမျဉ်းရှိရ မယ်။ (၄) ဒုက္ခသည်တွေပြန် လည်နေရာချတဲ့နေရာတွေမှာ ဘယ်အဖွဲ့အစည်းမဆို ဝင်ရောက်လည်ပတ်ခွင့်ရှိတယ်ဆိုတဲ့ ဥပဒေရှိရ မယ်။ (၅) တပြည်လုံးဆိုင်ရာ နိုင်ငံရေး သဘောတူညီချက်တွေရှိ ရမယ်။ (၆) တရားဥပဒေ စီရင်ရေးမှာ ပြုပြင် ပြောင်းလဲရေးရှိရမယ်။ ဒီဟာတွေမရှိသေးဘဲနဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရင် ဘာမှထူးမှာမဟုတ်ဘူး။ ဒုက္ခသည် စခန်း ကိုဘဲ ပြန်ပြေးလာကြ ဦးမှာဘဲ” ဟု Mr. Duncan McArthur က ပြောသည်။
အပစ်ရပ် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းနှင့်ပတ်သက်၍လည်း- အပစ်ရပ်ပြီးနောက်ပိုင်း မြန်မာစစ်တပ် များ တပ်ဆုတ်မှုမရှိသော်လည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကြားပစ်ခတ်မှုလျော့ပါးသွားသည်ဟု ဆိုနိုင်ကြောင်း၊ ထို့အပြင် အပစ်ရပ်တပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းနှင့် နိုင်ငံရေးပါတီတို့ အတော်အသင့် ဆက်သွယ်၊ တွေ့ဆုံ၊ ဆွေးနွေးနိုင်ကြသည်ကိုကြည့် ခြင်းအားဖြင့် အကောင်းဖက်ပြောင်းလဲမှုကို အနည်းငယ် တွေ့နေရ ကြောင်း၊ သို့သော် ဤအချက်အနည်းအကျဉ်းကိုမြင်ကာ စေတနာရှင်တခိျု့နှင့် အစိုးရတခိျု့က ဒုက္ခသည်များ အား ရိက္ခာဖြတ် နေရပ်ပြန်ပို့ရန်စီစဉ်နေကြသည့်အချက်မှာတော့ အခက်အခဲတခုဖြစ်နေကြောင်း ၎င်းက ဆက် လက်ပြောပြသည်။
သို့သော် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ Sunai Pasuk ကမူ ထိုင်းနိုင်ငံမှကြုံတွေ့ခဲ့ရသည့် အတွေ့ အကြုံအရ မြန်မာနိုင်ငံအစိုးရသည် စစ်တပ်နှင့်မကင်းကွာသဖြင့် စစ်တပ်မှအာဏာမသိမ်းတော့ဟု မဆိုနိုင် သေးကြောင်း၊ အလားတူ မြန်မာနိုင်ငံအစိုးရမှ အာမခံချက်မပေးနိုင်သည့်အချက်များစွာရှိနေသေးကြောင်း ထောက်ပြသည်။
မသေချာသည့်အချက်များအနက် မြန်မာအစိုးရက အာမခံချက်၊ အပေးအယူ (Benchmark များဖြစ်သော ဥပမာ- နိုင်ငံရေး အကျဉ်းသားများကျန်ရှိနေသေးခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ရသေးခြင်း၊ စီးပွါးရေး လုပ်ငန်းများနှင့် ပတ်သက် သည့် ကြည်လင်မှု ((Transparency) မရှိသေးခြင်း၊ ဒေသခံများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်း၊ တိုင်းရင်းသားများ အပေါ် ထိုးစစ်ဆင်မှုများရှိ နေသေးခြင်း) တို့ကြောင့် ပြည်ပစီးပွါးရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံထဲသို့ အဆောတလျင် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများ လုပ်နေခြင်းမှာ မသင့်လျော် သေးကြောင်း - အဆိုပါပုဂ္ဂိုလ်က သုံးသပ်ပါသည်။
Mr. Duncan McArthur နှင့် Sunai Pasuk တို့အပြင် KNU ၏ ဒုဥက္ကဌ ဒေးဝစ်ဒ်သာကဘောနှင့် သျှမ်းသံ တော်ဆင့်သတင်းဌာန အယ်ဒီတာ ဦးခွန်စိုင်းတို့လည်း မြန်မာနိုင်ငံ၏ပြောင်းလဲရေးနှင့်ပတ်သက်သောအချက် အလက်များ ပြောခဲ့ကြ သည်။
“ မြန်မာနိုင်ငံရဲ့ ထာဝရငြိမ်းချမ်းရေးအတွက် တဖက်တလမ်းကနေ အထောက်အကူပေးနိုင်မှာက Democratic Federalism” ဒီမိုကရေစီကျသော ပြည်ထောင်စုစနစ် မူဝါဒဘဲဖြစ်တယ်” ဟု ဒုဥက္ကဌ ဒေးဝစ်ဒ်သာကဘော ကပြောသည်။
သျှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာ ဦးခွန်စိုင်းကမူ - မြန်မာနိုင်ငံအစိုးရ၏ ဥပဒေပြုအမတ်များအား ဂျာမနီ ၊ ဩစတြေးလီးယား နှင့် အင်ဒိုနီးရှား နိုင်ငံသို့ ဥပဒေပြုစနစ် လေ့လာရန်ဖိတ်ခေါ်ခြင်းခံရသကဲ့သို့ Federalism အား ခွဲထွက်ရေးအဖြစ် လွဲမှားနားလည်နေကြသည့် မြန်မာပြည်သူလူထုအား Federalism အကြောင်းလေ့လာရန် အမေရိကန်၊ ဂျာမနီ၊ ဆွိစ်ဇာလန် နှင့် ဩစတြေးလီးယား နိုင်ငံစသည်များက ဖိတ်ခေါ် သင့်ကြောင်း ပြောဆိုသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးဟောပြောရေးဖြစ်မြောက်ရေး အစီအစဉ်အတွက် ချင်းမိုင်တက္ကသိုလ် သိပ္ပံဌာနမှ The Regional Center for Sustainable Development (RCSD)နှင့် The Best Friend Library တို့ ကမ ကထပြုပါသည်။
ဒေါ်အောင်ဆန်းစုကြည် ဂျနီဗာမိန့်ခွန်းမှ ဖွံ့ဖြိုးရေးအယူအဆအပေါ် သုံးသပ်ချက်
ဒေါ်အောင်ဆန်းစုကြည် ဂျနီဗာမိန့်ခွန်းမှ ဖွံ့ဖြိုးရေးအယူအဆအပေါ် သုံးသပ်ချက်
by နေသွင်
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာ မနေ့က ကျင်းပသွားတဲ့ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် အစည်းအဝေး မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားတဲ့ စီးပွားရေးနဲ့ဖွံ့ဖြိုးရေး မိန့်ခွန်းကောတ်နှုတ်ချက်တွေကို အဓိကထား တင်ပြထားပါတယ်။

လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လိုက်လျောညီထွေရှိတဲ့ ဒီမိုကရေစီနဲ့ သဟဇာတဖြစ်မယ့် ဖွံ့ဖြိုးရေးပေါ်လစီတွေရှိမှပဲ မြန်မာပြည်ဟာ အပေါင်းလက္ခဏာ အောင်မြင်မှုတွေနဲ့ ကမ္ဘာ့မြေပုံပေါ်ကို တကျော့ပြန် ရောက်လာ နိုင်မယ်လို့ ပြောသွားပါတယ်။
တရားဥပဒေစိုးမိုးမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ သာမန်လူထုရဲ့ဘဝတွေအပေါ် ကောင်းကျိုးသက်ရောက်မှုတွေ ရှိတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ဦးစားပေးပြောသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကောက်နှုတ်ချက်တချို့
“နိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေကိုလည်း မဖြည့်ဆည်းနိုင်၊ အကြောက်တရားကနေ မလွတ်မြောက်နိုင်ဘူးဆိုရင် ဘယ်နိုင်ငံမှ စစ်မှန်တဲ့ ဖွံ့ဖြိုးတိုးတက်မှု ရှိတယ်လို့ မကြွေးကြော်နိုင်ပါဘူး။
တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးမှုမရှိ၊ တိုင်းရင်းသားပဋိပက္ခတွေကို မဖြေရှင်းနိုင်မချင်း၊ ဒီလို အခြေခံ လိုအပ်ချက်တွေကိုမှ မဖြည့်ဆည်းပေးနိုင်ရင် ကျန်းမာသန်စွမ်းတဲ့ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အခြေခံတွေကို မတည်ဆောက်နိုင်ပါဘူး။
အလုပ်အကိုင် ဖန်တီးပေးမယ့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမျိုးကို ဖိတ်ခေါ်ပါတယ်။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံသူတွေဟာ ဥပဒေ လုပ်ထုံးလုပ်နည်း တွေကိုတော့ လေးစားလိုက်နာဖို့လိုပါတယ်။ အလုပ်သမား စံချိန်စံညွှန်းတွေ၊ သဘာဝပတ်ဝန်းကျင်အပေါ်မှာ တာဝန်ယူမှုတွေကို နိုင်ငံတကာမှာ လက်ခံထားတဲ့ စံချိန်စံနှုန်းအတိုင်း လိုက်နာကြဖို့ လိုပါတယ်။
မြန်မာလူငယ်တွေဟာ တိုင်းပြည်မှာ ထိုက်တန်တဲ့ နေရာရဖို့ အခြေခံပညာရေးတွေ ကို မသင်ခဲ့ရပါဘူး။ ဒါကြောင့် ပညာရေးစနစ်ကို တိုးတက်လာအောင်လုပ်ဖို့ လိုအပ်နေ ပါတယ်။ အလုပ်အကိုင်ဖန်တီးမှုနဲ့ ချိတ်ဆက်ထားတဲ့ အသက်မွေးဝမ်းကြောင်း ပညာ သင်တန်းတွေ လိုအပ်ပါတယ်။”
ဒီမိန့်ခွန်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ မြန်မာ့စွမ်းအင်ဝန်ကြီးဌာနလက်အောက်က နိုင်ငံပိုင် မြန်မာ့ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်း (MOGE)နဲ့ အလုပ်တွဲမလုပ်ကြဖို့၊ နိုင်ငံတကာအစိုးရတွေကတဆင့် ကုမ္ပဏီတွေကို တိုက်တွန်းသွားပါတယ်။
မြန်မာပြည်မှာ ရေနံနဲ့ဓာတ်ငွေ့လို သဘာဝအရင်းအမြစ်တွေကို ထုတ်ယူတဲ့ စီးပွားရေးကဏ္ဍမှာ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က “ပွင့်လင်းမြင်သာမှုကို အရေးကြီးသလိုပဲ စည်းမျဉ်းစည်းကမ်းတွေ ကောင်းမွန်ဖို့ လိုအပ်ပါတယ်လို့လည်း ပြောသွားပါတယ်။ ဒီလိုမျိုး အရင်းအမြစ်တွေကို ထုတ်ယူတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ထုတ်ချင်တာကို ထုတ်ယူပြီး ပြန်သွားတတ်တာနဲ့ တခြား လုပ်ငန်းတွေလိုမျိုး အလုပ်အကိုင်တွေကို မဖန်တီးပေးနိုင်ဘူး။ ဒါကြောင့် ကျမတို့ သတိနဲ့ ချဉ်းကပ်ဖို့ လိုပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ သူ့အနေနဲ့ မြန်မာပြည်မှာ ပြည့်စုံပြီး ထိရောက်တဲ့ စွမ်းအင်ပေါ်လစီ ရှိစေချင်တယ်။ ကြွယ်ဝတဲ့ စွမ်းအင်အရင်းအမြစ်တွေ ကုန်ခမ်းသွားတာမျိုး မဖြစ်စေချင်ဘူး။ ဒါတွေဟာ စွမ်းအင်ထုတ်ယူတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မြန်မာပြည် ဝင်လာဖို့ ဖိတ်ခေါ်တာနဲ့ ဆက်စပ်နေတာကြောင့် သတိထားဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။”
မိန့်ခွန်းထဲမှာပါတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွံ့ဖြိုးရေးအယူအဆတွေနဲ့ ပတ်သက်လို့ ဖွံဖြိုးရေးအကြောင်း စာအုပ်စာတမ်းတွေ ရေးသားနေတဲ့ ကိုဇော်မင်းရဲ့ အမြင်ကို မေးမြန်းထားပါတယ်။
ပွင့်လင်းမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုလို၊ တရားဥပဒေစိုးမိုးမှုလိုမျိုး သူပြောသွားတာတွေတော့ အများကြီးရှိတယ်။ အဲဒီထဲမှာ ကျနော် နည်းနည်း သတိထားမိတာက democracy friendly development တို့လို့၊ နောက် democracy friendly development policy၊ democracy friendly investmentလို့ သူသုံးသွားတယ်။ ကျနော့် စိတ်ထဲမှာ ဒီဟာ ဖွံ့ဖြိုးရေး ဘာသာရပ်၊ စီးပွားရေးစကားလုံး အသစ်လို့ ကျနော်ထင်တယ်။ ကိုဇော်မင်း ဘယ်လို သဘောရလဲ။
“တင်စားပြီးပြောတယ်လို့ ကျနော် ပြောနိုင်ပါတယ်။ ဆိုလိုတာက ဘယ်အလုပ်တွေလုပ်လုပ် စီးပွားရေးဖွံ့ဖြိုးမှုကိုပဲ ဦးတည်ဦးတည်၊ နိုင်ငံရေးတိုးတက် ဖွံ့ဖြိုးမှုကိုပဲ ဦးတည်ဦးတည် ဒီမိုကရေစီကနေပြီးတော့ သွေဖည်မသွားဖို့အတွက်၊ ဒီမိုကရေစီနဲ့ နီးကပ်ဖို့အတွက်၊ ဒီမိုကရေစီနဲ့ အမြဲတမ်း ပူးကပ်နေဖို့အတွက် ဒါ သတိပေးတဲ့ အသုံးအနှုန်းလို့ ကျနော်မြင်ပါတယ်။”
ဘယ်လို စိုးရိမ်သောကတွေများ ရှိနိုင်မလဲ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက ခုနကလို ဒီမိုကရေစီကို သွေဖည်သွားတာမျိုးတွေမှာ သူ စိုးရိမ်သောကတွေများ ရှိနေမလား။ ကိုဇော်မင်း ဘယ်လိုသုံးသပ်လဲ။
“ဒီမိုကရေစီကို သွေဖည်တာထက် ဥပမာ သက်ဆိုင်ရာ တာဝန်ရှိတဲ့ လူပုဂ္ဂိုလ် တဦး၊ နှစ်ဦး၊ သုံးဦးလောက်နေ တချို့ဆုံးဖြတ်ချက်တွေကို ဆုံးဖြတ်ပြီးတော့ တချို့ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေကို တခါတည်း အလုံးလိုက် အရင်းလိုက် ခွင့်ပြုလိုက်မှာမျိုးဆိုရင် ဒါမျိုးကို သူစိုးရိမ်တယ်လို့ ကျနော် မြင်တယ် ဒေါ်စုအနေနဲ့က။ ဒါကြောင့်မို့လို့ ဆုံးဖြတ်ချက်တခုခု ချတော့မယ်ဆိုလို့ရှိရင် ဒီမိုကရေစီနည်းအရ အစိုးရထဲမှာ ဒါတွေကို တိုင်ပင်။ ဒီမိုကရေစီနည်းအရ အဲဒီ ရင်းနှီးမြှုပ်နှံမယ့် နေရာမှာ ရှိတဲ့ ဒေသခံ လူထုတွေ၊ ဒေသခံလူမှုအဖွဲ့အစည်းတွေရဲ့ အမြင်တွေကို စုစည်း သူတို့ရဲ့ အမြင်တွေ တောင်းခံ။ အဲဒီလို ဒီမိုကရေစီ နည်းကျကျ လုပ်ပြီးမှ ဒီရင်းနှီးမြှုပ်နှံမှုက ရေရှည်မှာ အကျိုးရှိတယ် မရှိတယ်ဆိုပြီး လက်ခံတဲ့၊ လက်ခံပါဆိုတာမျိုး ပြောတယ်လို့ ကျနော် မြင်ပါတယ်။”
မနေ့က ဒေါ်စုမိန့်ခွန်းမှာဆိုရင် ထိုင်းမှာပြောသွားတဲ့ မိန့်ခွန်းပြီးရင်တော့ ဒါ ဘာပဲပြောပြော နိုင်ငံတကာက တကယ့် ဝန်ကြီးအဆင့်ပေါ့လေ အလုပ်သမားဝန်ကြီး အဆင့်တွေ တက်ရောက်နေတဲ့ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းမှာ ပထမဆုံးပြောတဲ့ မိန့်ခွန်းလို့ ပြောရမှာပေါ့ဗျာ။ ဒီ မိန့်ခွန်းအပေါ်မှာ ကိုဇော်မင်း တစုံလုံး ဘယ်လိုသဘောရလဲ၊ ဘယ်လောက် သမိုင်းဝင်တယ်လို့ ပြောလို့ ရမလဲ။
“သမိုင်းဝင်တယ်လို့ပဲ ကျနော် ပြောရမှာပေါ့ဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနေရာမှာ သူ့ရဲ့ တိုင်းပြည်အပေါ်မှာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မြင်ပုံ၊ ဒီမိုကရေစီနဲ့ မြင်တဲ့ဟာတွေကို ဒါ ကျနော်တို့ အဆင့်အတန်း မြင့်မြင့် အတွေးအခေါ် အယူအဆ မြင့်မြင့်နဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေအလယ်မှာ၊ နိုင်ငံတကာ နိုင်ငံရေး ခေါင်းဆောင်တွေရော၊ စီးပွားရေး ခေါင်းဆောင်တွေရော အလယ်မှာ သူ မြန်မာပြည်ကိုယ်စား တင်ပြသွားနိုင်တယ်လို့ ကျနော် အဲဒီလို မြင်ပါတယ်။”
မြန်မာနိုင်ငံမှာ တရားဥပဒေနဲ့ နိုင်ငံရေးအရ ညှိနှိုင်းမှု လိုအပ်
မြန်မာနိုင်ငံမှာ တရားဥပဒေနဲ့ နိုင်ငံရေးအရ ညှိနှိုင်းမှု လိုအပ်
မြန်မာနိုင်ငံ ငြိမ်းချမ်းနိုင်ရေးအတွက် တရားဥပဒေစိုးမိုးမှုရှိဖို့ အရေး ကြီးကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ILO နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ညီလာခံမှာ မိန့်ခွန်းပြောကြားအပြီး၊ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတကာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။
ရခိုင်ပြည်နယ်မှာ လတ်တလော ဖြစ်ပွားခဲ့တဲ့ မငြိမ်သက်မှုတွေနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က -
ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာတွေအတွက် မြန်မာပြည်သူအားလုံး စိုးရိမ်နေကြတာပါ။ ဒီဖြစ်ရပ်တွေကနေ အရေးအကြီးဆုံး သင်ခန်းစာထုတ်ယူဖို့လိုပါတယ်။ အဲဒါကတော့ တရားဥပဒေစိုးမိုးမှု လိုအပ်တယ်ဆိုတာပါပဲ။ တိုင်းပြည်မှာ ပဋိပက္ခတွေအားလုံး ချုပ်ငြိမ်းဖို့ဆိုရင် တရားဥပဒေစိုးမိုးမှု မရှိမဖြစ် လိုအပ်တယ်ဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့အနေနဲ့ အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ အခြေအနေမှာ အခုလို ပဋိပက္ခတွေ ဆက်ဖြစ်နေဦးမှာပါ။ ဒါတွေချုပ်ငြိမ်းသွားဖို့အတွက် အားလုံးက ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ် လို့ ဖြေကြားခဲ့ပါတယ်။
အလားတူ ကချင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း -
ကချင်ပြည်နယ်မှာ အစိုးရနဲ့ KIO ကြား အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးနေတယ်လို့ နားလည်ထားပါတယ်။ ဒီနေရာမှာ အလေးအနက်ပြောချင်တာက အပစ်အခတ်ရပ်စဲရုံနဲ့ မလုံလောက်ပါဘူး။ အဓိပ္ပာယ်ပြည့်ဝပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ပေါ်ပေါက်လာဖို့ဆိုရင် နိုင်ငံရေးအရ သဘောတူချမှတ် ထူထောင်မှုတစ်ရပ် ရှိထားမှဖြစ်ပါမယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ်က ဘင်္ဂလီ ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့်နဲ့ ပတ်သက်ပြီး သဘောထားမေးမြန်းတဲ့အခါ-
စောစောက ပြောခဲ့သလိုပဲ တိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှုရှိဖို့ လိုပါတယ်။ ရှင်းလင်းပြတ်သားပြီး တိကျတဲ့ နိုင်ငံသားဥပဒေတွေရှိဖို့ လိုပါတယ်။ ဒီနေရာမှာ ရခိုင်ပြည်နယ်မှာ ဖြေရှင်းဖို့လိုနေတဲ့ လက်တွေ့ကြုံနေရတဲ့ ပြဿနာတစ်ခုကို ပြောချင်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်မှာ တရားမ၀င် ဖြတ်သန်းဝင်ရောက်နေတာတွေ အမြဲရှိနေတဲ့ကိစ္စပါ။ ဒါဟာ နယ်စပ်မလုံခြုံလို့ ဖြစ်ရတာပါ။ တာဝန်သိတဲ့ နယ်စပ်စောင့်ကြပ်ရေး၊ အကျင့်ပျက်ခြစားမှု ကင်းတဲ့ နယ်စပ်စောင့်ကြပ်ရေး လိုအပ်နေပါတယ် လို့ ပြောဆိုခဲ့ပါတယ်။
အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွစ်ဇာလန်နိုင်ငံ မြိုတော် Bern မြို့ကိုခရီးဆက်ခဲ့ပါတယ်။ Bern မြို့မှာ ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ပွဲစလို့ (၁၅) မိနစ်လောက်အကြာမှာ ဒေါ်အောင်ဆန်းစုကြည် ခရီးပင်ပန်းလွန်းတဲ့အတွက် အော့အန်ခဲ့တာကြောင့် ပရိသတ်ကို တောင်းပန်ပြီး တည်းခိုရာဟိုတယ်ကို ပြန်သွားခဲ့ရတယ်လို့ သိရပါတယ်။
ဒေါ်စုကျန်းမာရေးကြောင့် Berne မြို့ သတင်းစာရှင်းလင်းပွဲရပ်နား
ဒေါ်စုကျန်းမာရေးကြောင့် Berne မြို့ သတင်းစာရှင်းလင်းပွဲရပ်နား
ဆွစ်ဇာလန်နိုင်ငံကို ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ညပိုင်းက ဆွစ်ဇာလန် သမ္မတ အယ်ဗလင်း ၀စ်ဒ်မာ ရှူသ်စ် (Eveline Widmier-Schumpf) နဲ့ Berne မြို့မှာ တွေ့ဆုံ ခဲ့ပါတယ်။
မနေ့က ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီး ဒီဒီအေ ဘုဂ်ဟယ်လ် တာ (Didier Burkhalter) နဲ့ တွေ့ဆုံခဲ့ပြီး တဲ့နောက် ပြုလုပ်ခဲ့တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း ရုတ်တရက် နာမကျန်းဖြစ်လို့ သတင်းစာ ရှင်းလင်းပွဲ ကို ရပ်ဆိုင်းလိုက်ရပါတယ်။ တနေကုန် ပင်ပန်းမှုနဲ့ လေယာဉ်ခရီးတွေကြောင့် သတင်းစာရှင်းလင်းပွဲအစ မိနစ်ပိုင်းအတွင်းမှာပဲ မူးဝေပြီး နေထိုင်မကောင်း ဖြစ်ခဲ့တာပါ။
ခုလို နေထိုင်မကောင်း ဖြစ်တာကြောင့် ဆွစ်ဇာလန် သမ္မတ အယ်ဖလင်းဝစ်ဒ်မာ ရှူသ်စ် (Eveline Widmier-Schumpf) ဖိတ်ကြားထားတဲ့ နိုင်ငံတော် ညစာစားပွဲ ကိုလည်း ဖျက်လိုက်ရပါတယ်။
ဆွစ်ဇာလန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဆက်လက် အားပေးကူညီသွားလိုတဲ့ အကြောင်းနဲ့ ဒီအတွက် ဒီနှစ် နိုဝင်ဘာလလောက်အတွင်း မြန်မာနိုင်ငံမှာ ဆွစ်ဇာလန်သံရုံး ဖွင့်လှစ်သွားမယ့် အကြောင်း၊ နောက် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူမှုတချို့ကို ပြီးခဲ့တဲ့ မေလက ပြန်ပြီး ရုပ်သိမ်းပေးခဲ့တယ်ဆိုတာနဲ့ တကယ်လို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေ တိုးတက် မလာဘဲ သိသိသာသာ ဆုတ်ယုတ်မှုတွေ ရှိလာရင်တော့ အရေးယူမှုတွေ ပြန်လည် ချမှတ်သွားမှာဖြစ်ပြီး လက် ရှိ ပြုပြင်ပြောင်းလဲမှုတွေကို ကူညီထောက်ပံ့တဲ့အနေနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အကူအညီတွေ တိုးမြှင့်ပေးသွားမယ့် အကြောင်းတွေကို ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က မနက်ပိုင်းက ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်ကြီးရဲ့ (၁၀၁) ကြိမ်မြောက် ညီလာခံမှာ မိန့်ခွန်းပြောဆိုခဲ့ပြီးတဲ့နောက် ညနေပိုင်းမှာ Berne မြို့ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အစီအစဉ်တိုင်းဆိုရင် ဆွစ်ဇာလန် လွှတ်တော်မှာ လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် မှာ နော်ဝေနိုင်ငံ၊ အော်စလိုမြို့ကိုလည်း ခရီးဆက်ဖို့ ရှိနေသလို အဲဒီကနေ ဗြိတိန်၊ အိုင်ယာလန် နဲ့ ပြင်သစ်နိုင်ငံတွေကိုလည်း ခရီးဆက်ဖို့ ရှိပါတယ်။ ဗြိတိန် ပါလီမန်မှာ မိန့်ခွန်းပြောကြားဖို့ရှိသလို လူ့အခွင့်အရေးအဖွဲ့ Amnesty International က ပေးအပ်တဲ့ လူ့အခွင့်အရေးဆု ကိုတော့ Dublin မြို့မှာ ကမ္ဘာကျော်တေးဂီတအဖွဲ့ U2 က အဆိုတော် ဘိုနိုက ပေးအပ်မှာ ဖြစ်ပါတယ်။
သူ့ရဲ့ ခရီးစဉ်အစ ILO ညီလာခံမိန့်ခွန်းမှာတော့ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ပိုပြီးခိုင်မာအောင် အထောက်အကူပြုနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်ကြဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ အသိုင်းအ၀ိုင်းကို မေတ္တာရပ်ခံလိုက်ပါ တယ်။ ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေတဲ့ မြန်မာအစိုးရအနေနဲ့ နှစ်ပေါင်းများစွာ အထီးကျန် ဖြစ်ခဲ့ရ တဲ့ မြန်မာနိုင်ငံထဲက အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို အကာအကွယ် ပေးနိုင်တဲ့ ပြောင်းလဲမှုတွေကိုပါ ဆက်လုပ်စေချင်တယ်လို့လည်း ပြောသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မရောက်မီ အော်စလို မြင်ကွင်း
ဒေါ်အောင်ဆန်းစုကြည် မရောက်မီ အော်စလို မြင်ကွင်း
by ကိုညို
နော်ဝေနိုင်ငံက ချီးမြှင့်တဲ့ နိုဗဲလ်ငြိမ်းချမ်းရေးဆုနဲ့ ရပ်ဖ်တို လူ့အခွင့်အရေးဆုကို ကိုယ်တိုင် လာရောက်လက်ခံဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သောကြာနေ့ညနေမှာ အော်စလိုမြို့ကို ရောက်လာမှာဖြစ်တယ်။

၃ ရက်ကြာ နေထိုင်မယ့် သူ့ရဲ့ခရီးစဉ်ကို နော်ဝေနိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာတွေကလည်း ၀မ်းမြောက်ပြီး စိတ်လှုပ်ရှားနေပါတယ်။
“ဒေါ်စုကို အပြင်မှာ တခါမှ မမြင်ဖူးသေးဘူး။ ကိုယ့်တိုင်းပြည်က ခေါင်းဆောင်တယောက်လည်းဖြစ်၊ အမေလိုလည်း ဖြစ်နေတဲ့သူကို တကယ်တွေ့ရတော့မှာဆိုတော့ တော်တော်လေး စိတ်လှုပ်ရှားတယ်။ ကိုယ့်အမေက အဝေးရောက် သားသမီးတွေကို လာတွေသလိုမျိုး ခံစားရတယ်” လို့ မွန်ပြည်နယ်က ဇာတ်မင်းသား ကိုငယ်ဇော်က ပြောပါတယ်။
၁၉၉၁ ခုနှစ် နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်ရဲ့ ဥရောပ ၅ နိုင်ငံ ခရီးစဉ်ကို ကမ္ဘာ့ သတင်းမီဒီယာတွေကနေ ဖော်ပြနေပါတယ်။
နိုဗဲလ်ဆုရွေးချယ်ရေး ကော်မတီက သူတို့ပေးထားတဲ့ နိုဗဲလ်ဆုလက်မှတ်တွေကို သီးခြား မိတ္တူပွားထားတာတွေ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် နိုဗဲလ်ဆုချီးမြှင့်ခဲ့တဲ့ ဆုလက်မှတ်မိတ္တူကိုလည်း နော်ဝေလူမျိုး ပန်းချီဒီဇိုင်းပညာရှင် ၃ ဦးကနေ အသစ်ပြန်လည် မွန်းမံပြီး စနေနေ့ကျင်းပမယ့် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွှဲအပ်မှာဖြစ်တယ်။ အခမ်းအနားကို မြန်မာအများစု တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
အဝေးနိုင်ငံကလာတဲ့ မြန်မာတွေတက်ရောက်နိုင်ဖို့လည်း ရှေ့ပိုင်းမှာ နေရာချပေးမယ်လို့ သိရတယ်။ အဝေးရောက် ညွန့်ပေါင်းအစိုးရ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်း (ဒေါ်အောင်ဆန်းစုကြည်နဲ့ မောင်နှမတ၀မ်းကွဲ) လည်း တက်ရောက်မှာဖြစ်သလို နော်ဝေးနိုင်ငံကို စာနယ်ဇင်း၊ မီဒီယာဆိုင်ရာ အခြေအနေတွေ လေ့လာဖို့ ရောက်နေတဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဒုတိယ၀န်ကြီး ဦးစိုးဝင်းလည်း ဒေါ်အောင်ဆန်းစုကြည်ကို နိုဗဲလ်ဆုနှင်းအပ်တဲ့ အခမ်းအနား တက်ရောက်မယ်လို့ ကြားရတယ်။
နိုဗဲလ်ဆု ပေးအပ်တဲ့ အခမ်းအနားအပြီး ညနေ ၃ နာရီခွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေအပါအ၀င် ဆွီဒင်၊ ဒိန်းမတ်၊ ဂျာမနီ၊အမေရိကန် အပါအ၀င် နိုင်ငံတချို့က လာရောက်တဲ့ မြန်မာတွေနဲ့ ၄၅ မိနစ်ကြာ သီးခြားတွေဆုံ စကားပြောဦးမှာပါ။ နိုဗဲလ်ဆုရှင်တဦးက သူ့နိုင်ငံသားတွေနဲ့ သီးခြားတွေ့ပြီး စကားပြောမယ်ဆိုတာ အရင်က မရှိခဲ့ဖူးပါဘူး။
မြန်မာတွေနဲ့ တွေဆုံမယ့် နိုဗဲလ် ငြိမ်းချမ်းရေးစင်တာ (Nobel Peace Certer) အဆောက်အဦးမှာ နိုဗဲလ်ဆုရှင်တွေနဲ့ ပတ်သက်ရာ မှတ်တမ်းတွေကို ပြခန်းတခု ဖွင့်ထားတာပါ။
ဒီရက်ပိုင်းမှာတော့ မြန်မာနိုင်ငံနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုဆိုင်ရာ ဓာတ်ပုံမှတ်တမ်းတွေ ပြသထားမှာဖြစ်ပြီး ပြပွဲနာမည်ကို (Mother Democracy) လို့ ပေးထားပါတယ်။ စနေနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဓာတ်ပုံပြပွဲကို ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။
နော်ဝေ မြန်မာကော်မတီအဖွဲ့နဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်က မြို့တော်ခန်းမရှေ့မှာ လူထုကို မိန့်ခွန်းပြောမယ့်အကြောင်း ကြော်ငြာလက်ကမ်း စာစောင်လေးတွေ ဖြန့်ဝေနေပါတယ်။
မြန်မာတွေနဲ့ တွေ့ဆုံစကားပြောပြီးရင် အဲဒီ အော်စလိုငြိမ်းချမ်းရေးစင်တာကနေ သိပ်မဝေးတဲ့ မြို့တော်ခန်းမ လူထုဟောပြောပွဲ စင်မြင့်ရှိရာကို ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံသားတွေ ခြံရံပြီး လမ်းလျှောက်လာမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် စကားမပြောခင် နော်ဝေ မြန်မာကော်မတီက အကြီးအကဲတဦး၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ခေါင်းဆောင်တဦးနဲ့ နော်ဝေနိုင်င်ငံမှာ နေထိုင်နေတဲ့ NLD ပါတီက မြကြေးမုံ (စာရေးဆရာမ သာယာဝတီ စမ်းစမ်းနွဲ့ရဲ့သမီး) က မြန်မာပြည် အခြေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းတွေကို ဟောပြောပွဲလာ နော်ဝေနိုင်ငံသားတွေကို ရည်ရွယ်ပြီး နော်ဝေစကားနဲ့ မိတ်ဆက်ပြောကြားကြမှာ ဖြစ်ပါတယ်။
အော်စလို ရဲအဖွဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည် မရောက်ခင်၂ ရက်လောက်ကတည်းက အခမ်းအနားကျင်းပမယ့် အော်စလိုမြို့တော်ခန်းမ၊ တည်းခိုရာဟော်တယ်၊ နိုဗဲလ်စင်တာတို့မှာ လှုပ်လှုပ်ရှားရှား ရှိနေကြတာတွေ့ရပါတယ်။
“ဒေါ်စုလာမယ်ဆိုလို့ ကျနော်တင်မက တခါမှ သူ့ကိုမတွေ့ဖူးတဲ့ ကျနော့်မိသားစုပါ စိတ်လှုပ်ရှားနေကြပါတယ်။ ကျနော်ဆို အိပ်လို့မရနိုင်အောင် ဖြစ်ရပါတယ်။ တခြားမြန်မာတွေလည်း အဲလိုပါပဲ။ ကျနော့်မိုဘိုင်းဖုန်းလည်း မနားရပါဘူး။ ဒေါ်စုခရီးစဉ်ကို မေးမြန်းတာ၊ အခမ်းအနားတက်ဖို့ ဖိတ်စာမရလို့ စိတ်ပူပန်နေကြတာတွေ အများကြီးပါ” လို့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နဲ့ပတ်သက်ပြီး လိုက်ပါဆောင်ရွက်ပေးမယ့် ၁၉၉၀ခုနှစ NLD ခရမ်းလွှတ်တော် အမတ်ဟောင်း ဦးကျော်သွင်က ပြောပါတယ်။
လွန်ခဲ့တဲ့ မေလ ၅ ရက်နေ့ကတည်းက ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုရေး ၁၅ ဦး ကော်မတီကို တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့အတူ ဖွဲ့ထားကြောင်း သိရပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲဆိုရင် ခြောက်ခြောက်ကပ်ကပ်နဲ့ လုပ်ခဲ့ရတယ်။ မဆိုင်သလိုလုပ်ပြီး အနားမကပ်တဲ့လူတွေက များတယ်။ အခုလို အချိန်ကျတော့ တရုန်းရုန်းနဲ့” လို့ NLD အဖွဲ့ဝင်တယောက်က ညည်းပါတယ်။
“ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံရဲ့ ခေါင်းဆောင်တယောက် လာမှာကို နိုင်ငံရေးနဲ့ ပတ်သက်သူရော၊ မပတ်သက်သူတွေရော တက်တက်ကြွကြွ ဖြစ်နေတာတော့ ၀မ်းသာစရာ၊ ဂုဏ်ယူစရာပေါ့” လို့ သူကဆက်ပြီးပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွစ်ဇာလန်ကနေ အော်စလိုလေဆိပ်ကို ညနေ ၄ နာရီ ၅ မိနစ်မှာ ရောက်ပြီး လေဆိပ် အထူးဂိတ်ကနေ တည်းခိုမယ့် ဟိုတယ်ကို ညနေ ၅ နာရီမှာ ရောက်မယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရောက်ရင် တည်းခိုမယ့် Grand ဟိုတယ်ရှေ့မှာ မြန်မာတွေ သိုက်သိုက်ဝန်းဝန်း ကြိုကြမှာပါ။
“အိုးစည် ဒိုးပတ်ဝိုင်းတွေအပြင်၊ ကရင်ဒုံးယိမ်းအကတွေကပြီး ဟိုတယ်ရှေ့မှာ ဒေါ်စုကို ပန်းစည်းဆက်တာတွေ လုပ်မယ်။ လုံခြုံရေးရဲတွေရဲ့ ခွင့်ပြုချက်ရပြီးပြီ။ ဒေါ်စုလည်း ခနတော့ရပ်ပြီး နှုတ်ခွန်းဆက်မယ်လို့ မျှော်လင့်ရတယ်” လို့ ဦးကျော်သွင်က ပြောပါတယ်။
သောကြာနေ့ညနေ ၆ နာရီခွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေး၀န်ကြီးချုပ်နဲ့ တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲနဲ့ ညစာစားပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။
သုံးရက်ကြာ နော်ဝေနိုင်ငံ ခရီးစဉ်အတွင်း ဒုတိယမြို့တော်ဖြစ်တဲ့ ဘာဂင်မြို့မှာ ၁၉၉၀ ခုနှစ်က ချီးမြှင့်ခံရတဲ့ ရပ်ဖ်တို လူ့အခွင့်အရေးဆုကို လက်ခံပြီး အဲဒီကမြန်မာတွေနဲ့လည်း သီးခြားတွေ့မယ့် အစီအစဉ်တွေ ရှိပါတယ်။
မြန်မာအပေါ် ပိတ်ဆို့မှု ဆွစ်ဇာလန် ရုပ်သိမ်း
မြန်မာအပေါ် ပိတ်ဆို့မှု ဆွစ်ဇာလန် ရုပ်သိမ်း
မြန်မာနိင်ငံအပေါ် ပိတ်ဆို့အရေးယူမှု အများစုကို ဆွစ်ဇာလန်နိင်ငံက ရုပ်သိမ်းလိုက်ကြောင်း မနေ့က Swiss နိုင်ငံခြားရေးဌာနက ပြောကြား လိုက်ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပူးတွဲကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း Swiss နိုင်ငံခြားရေးဝန်ကြီး Didier Burkhalter က မြန်မာအပေါ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
လူထုကို ဖိနှိပ်နိုင်တဲ့ စစ်လက်နက်ပစ္စည်းတွေ ရောင်းဝယ်မှုကလွဲပြီး ကျန်တဲ့ ပိတ်ဆို့မှု အားလုံးကို ရုပ်သိမ်းလိုက်တာ ဖြစ်တယ်လို့လည်း ပြောကြား လိုက်ပါတယ်။
မြန်မာ အမျိုးသမီး အမတ်များ ဆွီဒင်ပါလီမန်သို့ သွားရောက်လေ့လာခဲ့
မြန်မာ အမျိုးသမီး အမတ်များ ဆွီဒင်ပါလီမန်သို့ သွားရောက်လေ့လာခဲ့
by နေမျိုး
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ မြှင့်တင်ရန် ရည်ရွှယ်၍ မြန်မာ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦး ဆွီဒင်နိုင်ငံ ပါလီမန်သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

ဇွန်လ ၆ ရက်နေ့မှ ၁၄ ရက်နေ့ထိ ၉ ရက်ကြာ လေ့လာရေးခရီးစဉ်ကို ဆွီဒင်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဆွီဒင် နိုင်ငံတကာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ SIDA မှ စီစဉ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လေ့လာရေး ခရီးစဉ်တွင် ဆွီဒင်၏ နိုင်ငံရေးစနစ်နှင့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့် စနစ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ပြင်ဆင်ခြင်းဆိုင်ရာ ဖြစ်စဉ်များနှင့် နိုင်ငံရေးပါတီများ၏ အခန်း ကဏ္ဍများအပြင် ဒီမိုကရေစီရေးရာနှင့် ကျား/မ ဖြစ်မှု Gender ကိစ္စရပ်များ လေ့လာခဲ့ကြကြောင်း သိရသည်။
ဆွီဒင် ပါလီမန်တွင် အာဏာရအစိုးရသည် အတိုက်အခံ အမျိုးသမီး အမတ်များနှင့် အမျိုးသမီးထုအပေါ်တွင် အလေးထား ပူးပေါင်းဆောင်ရွှက်မှု ရှိကြောင်း သိရသည်။
ယင်းအချက်သည် မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးများ တက်ကြွစွာ ပါဝင်လာနိုင်ရေးအတွက် နမူနာကောင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် တဦးလည်းဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအမျိုးသမီး အဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဒေါ်မေဝင်းမြင့် က ရှင်းပြသည်။
“ပါတီတခုကနေ တင်လိုက်တဲ့အထဲမှာ အမျိုးသမီးကိစ္စတွေ မပါဘူးဆိုရင် ဆွေးနွေးကြတဲ့အခါမှာ အမျိုးသမီးတွေက ဘယ်အချက်မှာ ဘာတွေ ကွဲလွဲနေတယ်၊ ဘာတွေ လိုနေတယ်ဆိုတာ ချက်ချင်းထပြီး ဆွေးနွေးတယ်။ အာဏာရ အဖွဲ့ကလည်း ကြည်ကြည်ဖြူဖြူနဲ့ သူတို့ဟာကို လက်ခံပြီးဆွေးနွေးတာ တွေ့ရတယ်” ဟု မဇ္ဈိမကို ပြောသည်။
လူဦးရေ ၉ သန်း ၃ သိန်းကျော်သာ ရှိသည့် ဆွီဒင်နိုင်ငံတွင် အမျိုးသမီးလွှတ်တော်အမတ် ၄၅ ရာခိုင်နှုန်း ခန့်ရှိပြီး အစိုးရအဖွဲ့တွင် အမျိုးသမီး၊ အမျိုးသား ပါဝင်မှု မျှတကြောင်း သိရသည်။
“ဖွဲ့စည်းထားတာလည်း အမျိုးသမီး များတဲ့အတွက် ဒီလွှတ်တော်ခန်းမမှာရှေ့မှာ ထိုင်နေတာက အမျိုးသမီး ၁ဝ ယောက်လောက် တွေ့ရတယ်။ လွှတ်တော်ခန်းမမှာ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေထဲမှာ အမျိုးသမီးတဝက် ပါတာကို တွေ့ရတယ်။ ယောက်ျား/မိန်းမ မျှတတာကို တွေ့ရတယ်” ဟု ဒေါက်တာဒေါ်မေဝင်းမြင့် က ဆိုသည်။
ပြည်သူများ လွတ်လပ်ခွင့်ရှိပြီး အသက်ငယ်ရွယ်သူများ နိုင်ငံရေးတွင် စိတ်ပါဝင်စား လာစေရေးအတွက် ပါလီမန်တွင် လူငယ်များ လေ့လာနိုင်ပုံကို ဒေါ်မေဝင်းမြင့်က ဆက်ပြောပြသည်။
“ဒီပါလီမန်ထဲကို အန်တီတို့နဲ့အတူ သူတို့ဆီက ကျောင်းသားလေးတွေက လေ့လာလို့ ရတယ်။ Transparency ရှိတယ်ပေါ့။ အဲဒါလေးက အန်မတန်မှ စိတ်ဝင်စားဖို့ ကောင်းတာ။ ပြည်သူတွေကို လွတ်လွတ်လပ်လပ် လေ့လာခွင့် ပေးထားတယ်။ သူတို့ဆီက လူငယ်တွေကို အသက်ငယ်ငယ်ကတည်းက စပြီးတော့ ဒီနိုင်ငံရေးမှာ၊ ပြည်သူ့အရေးမှာ ပိုပြီး စိတ်ဝင်စားအောင် train လုပ်ထားတာကို တွေ့ရတယ်” ဟု ဆိုသည်။
ဆွီဒင်ပါလီမန် အဆောက်အဦးရှေ့တွင် ပြည်သူများ လွတ်လပ်စွာ သွားလာနိုင်ပြီး နေပြည်တော် လွှတ်တော်နှင့် ကွာခြားပုံကိုလည်း “အထူးသဖြင့် အန်တီတို့ ကျမ်းကျိန်တဲ့ နေ့တုန်းက နေပြည်တော်မှာရှိတဲ့ အန်တီတို့ အဖွဲ့ဝင်တွေက အန်တီတို့ကိုလာပြီး ကြိုဆိုနှုတ်ဆက်နေတာ၊ သူတို့က ဟိုးအဝေးကနေပဲ အန်တီတို့ကို လက်ပြရတာ။ နေပြည်တော်က ပါလီမန်ကို တခြားအပြင်လူတွေက သိပ်ပြီးကပ်လို့မရဘူး” ဟု နှိုင်းယှဉ် ပြောဆိုသွားသည်။
အဆိုပါ လေ့လာရေးခရီးစဉ်တွင် NLD မှ ငါးဦး၊ ချင်းအမျိုးသားပါတီမှ တဦး၊ ကြံ့ခိုင်ရေးပါတီမှ ငါးဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုမှ နှစ်ဦး၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီမှ တဦး ပါဝင်ကြောင်း သိရသည်။
အလုပ်သမားအရေး လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေ ( ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ သီးခြားမေးမြန်းခန်း)
အလုပ်သမားအရေး လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေ ( ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ သီးခြားမေးမြန်းခန်း)
By ဒေါ်ခင်စိုးဝင်း
အလုပ်သမားအခွင့်အရေး တောင်းဆိုဆန္ဒပြကြတာတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေ၊ အလုပ် သမားရေး ဆောင်ရွက်သူတွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ပါဝင်ဆွေးနွေး အကြံပြုခဲ့တာကို ပြည်ထောင်စုအလုပ်သမားဝန်ကြီး ဦးအောင်ကြည်က အသိအမှတ် ပြုလိုက်ပြီး အဲဒီဆွေးနွေးမှုနောက်ပိုင်း အလုပ်သမားအရေး ကိုင်တွယ်တဲ့နေရာမှာ ပိုပြီးတော့ အဆင်ပြေလာတာ တွေ့ရတယ်လို့လည်း ပြောလိုက်ပါတယ်။ (၁၀၁) ကြိမ်မြောက် ILO ကမ္ဘာ့အလုပ်သမား ညီလာခံတက်ရောက်နေတဲ့ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ကို ဂျနီဗာမြို့မှာရောက်နေတဲ့ ဗွီအိုအေ ဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက ဂျနီဗာမြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးမှာ သီးခြားတွေ့ဆုံမေးမြန်းထားပါတယ်။
ဦးအောင်ကြည်။ ။ ဒီနေရာမှာ ကျနော် အသိအမှတ်ပြု ပြောချင်တာက ဘာလဲဆိုတော့ ဒီကို လာခါနီး ၃ ရက်နေ့မှာ ရန်ကုန်မှာ Multi-Literal Talk သဘောမျိုး Tallks လေးတခု လုပ်လိုက်ပါတယ်။ အဲဒီမှာ အဖွဲ့အစည်းတွေ အကုန်လုံးပါကြတယ်။ အလုပ်သမားရေးလှုပ်ရှားတဲ့ ပုဂ္ဂိုလ်တွေရော၊ အလုပ်သမားကိုယ်စားလှယ်တွေရော၊ အလုပ်ရှင်ကိုယ်စားလှယ်တွေရော၊ နိုင်ငံရေးပါတီတွေရော၊ လွှတ်တော်ကိုယ်စားလှယ် တွေရော၊ အစိုးရဝန်ကြီးတွေရော- ဒီပြဿနာကို စဉ်းစားတဲ့အထဲမှာ အချက်တချက်ပါတာပေါ့။ တကယ့် တကယ် သူ့ရဲ့ခေါင်းစဉ်ကတော့ CMP လုပ်ငန်းနဲ့ ပတ်သက်တာပေါ့။ မြန်မာနိုင်ငံမှာတော့ စက်ရုံအလုပ်ရုံတွေအများစုက CMP ပဲ ဖြစ်နေသေးတာကို။ အဲဒီတော့ CMP လုပ်ငန်းနဲ့ပတ်သက်ပြီး ကျနော်တို့ စဉ်းစားရင်းနဲ့ ဒီ အလုပ်ရှင်၊ အလုပ်သမားပြဿနာတွေကို ဘယ်လို ဖြေရှင်းကြမလဲဆိုတာ စဉ်းစားရင်းနဲ့ ကျနော်တို့ အဲဒီမှာ connection လေးတစ်ခု ရခဲ့တယ်။
အထူးသဖြင့် ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ရော၊ အလုပ်သမားရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ ရော၊ ကျန်တဲ့နိုင်ငံရေးပါတီတွေနဲ့ရော- တယောက်နဲ့တယောက် နားလည်မှုလေး ရခဲ့တယ်။ အလုပ်သမားဝန်ကြီးဌာန ဘာတွေလုပ်နေတယ် ဆိုတာလည်း အဲဒီအချိန်ကျတော့ သိလာတယ်လေ။ အပြန်အလှန် အမြင်ချင်း ဖလှယ်လာနိုင်တဲ့အတွက်ကြောင့် တယောက်နဲ့တယောက် နားလည်မှု ရရှိလာပြီးတော့ အဲဒီနောက်ပိုင်းမှာ ဖြေရှင်းရတာ ပိုပြီးတော့ လွယ်လာတာ တွေ့ရပါတယ်။
ဒေါ်ခင်စိုးဝင်း။ ။ ဒေါ်အောင်ဆန်းစုကြည် မနက်တုန်းက ပြောသွားတာလည်း ကြားလိုက်ပါတယ်။ အလုပ်သမားဥပဒေတွေက ခေတ်နဲ့ မလျော်ညီတော့ဘူး။ အနိမ့်ဆုံးလစာ သတ်မှတ်ချက်က အစပေါ့လေ။ ခေတ်နဲ့ မဆီလျော်တော့ဘူးလို့ ပြောတယ်လေ။ အဲဒီ လူမှုဖူလုံရေး အက်ဥပဒေလိုမျိုးပဲ တခြား အလုပ်သမားဥပဒေတွေကို ပြင်ဆင်တာ ရှိပါသေးလား။
ဦးအောင်ကြည်။ ။ ရှိပါတယ်။ ကျနော်တို့ Labour Organization Law က အသစ် ထွက် လာပြီ။ နောက် - Trade Dispute Settlement Law ထွက်လာပြီ။ တနှစ်အတွင်းမှာ ဥပဒေ ၂ ခုပေါ့။ Social Security Law ပါဆို ၃ ခု ပြောရမှာပဲ။ အဲဒီတော့ ဝန်ကြီးဌာန တခုတည်းက ဥပဒေသုံးခု- ဥပဒေ တခု တခု ပြုစုရတာ တော်တော်ခက်ပါတယ်။ တော်တော်လေးလည်း တိုင်ပင်ရတယ်။ ဆွေးနွေးရတယ်။ ကျနော်ထင်ပါတယ်- အကြိမ်ပေါင်းကို ရာနဲ့ချီပြီးတော့မှ ဆွေးနွေးရတယ်၊ ပြုစုရတယ်။ ပြင်ဆင်ရ တယ်။ အထောက်အထားတွေ ရှာရတယ်။ တနှစ်အတွင်းမှာ ဥပဒေ ၃ ခု ရေးဆွဲနိုင်ခဲ့တယ်လို့ ဒီလိုပဲ ပြောရမှာပဲ။ အဲဒီတော့ ကျနော်တို့ ဆက်ပြီး လုပ်သွားပါမယ်။ အခုဆိုရင် လာမယ့် လွှတ်တော်မှာ ဥပဒေ ၃ ခု တင်ဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီထဲမှာ ခုနတုန်းက ဒေါ်အောင်ဆန်းစုကြည် ပြောကြား သွားတဲ့ Minimum Wages Act လည်း တခု အပါအဝင် ဖြစ်ပါတယ်။
ဟိုတုန်းက ရှိခဲ့တဲ့ Minimum Wages Act က တော်တော်လေး ခေတ်မမီတော့ပါဘူး။ နောက်တခုက တကယ်တန်း လက်တွေ့လုပ်ဖို့ကလည်း တော်တော်လေး ခဲယဉ်းနေပါတယ်။ အဲဒါကြောင့်မို့လို့ ကျနော် တို့က ဒီ Minimum Wages Act နဲ့ ပတ်သက်ပြီးတော့ အသစ်ပြန်ရေးဆွဲရတာ ဖြစ်ပါတယ်။ အသစ်ပြန်ရေးဆွဲတဲ့အခါကျတော့ နိုင်ငံတကာအဆင့်လည်း မီဖို့လိုတယ်။ International Norms တွေနဲ့ ညီမညီပေါ့လေ- ဒါလေးတွေ ပြန်ပြီးတော့-
ဒီမှာဆိုတော့- ရင်းရင်းနှီးနှီးနဲ့ပေါ့လေ- တယောက်နဲ့တယောက် ဒီလိုပဲ တချီတည်းတင် အလုပ်ပြတ်သွား တယ်။ ဒီပုဂ္ဂိုလ်ကြီးတွေကို ဗမာပြည် ပြန်ဖိတ်ပြီးတော့မှ ဆွေးနွေးရမယ်ဆိုရင် အချိန်လည်းကြာမယ်၊ ကုန်ကျစရိတ်တွေလည်းများမယ်။ ဒါနဲ့ ကျနော် ၁၃ ရက်နေ့အထိကို ILO ကိစ္စတွေ အပြတ်လုပ်တယ်။ ၁၄ ရက်မှာ ဒါကို ဇောက်ချပြီးတော့ ကျနော် လုပ်တာပါ။ အများကြီး အလုပ်ဖြစ်ပါတယ်။
ဒေါ်ခင်စိုးဝင်း။ ။ ဝန်ကြီးအနေနဲ့ ဆက်ဆံရေးဝန်ကြီး အဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ကြားမှာ ညှိနှိုင်းဆက်သွယ်ဆောင်ရွက် ပေးခဲ့တာတွေရှိပါတယ်။ အခုလို မျိုး မြန်မာနိုင်ငံ ပြုပြင်ပြောင်း လဲရေး ဖြစ်လာတာ ဝန်ကြီးအနေနဲ့ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍကရော အကျိုးသက်ရောက်မှု ရှိပါလားရှင့်။
ဦးအောင်ကြည်။ ။ အကျိုးသက်ရောက်မှု ရှိပါသလားဆိုရင်တော့ အားဖြည့်ပေးရာတော့ ကျလိမ့်မယ်လို့ ကျနော်က ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ Reformation Strategy ကတော့ နဂိုရ်ကတည်းက ရှိပြီးသားပါ။ ဒါပေမဲ့ ကျနော်တို့က cooperation and cooperation ပေါ့လေ။ ဒီပုံစံမျိုးလေးနဲ့ ကျနော်တို့က နိုင်ငံရေးပါတီတွေအားလုံးနဲ့ ညှိညှိနှိုင်းနှိုင်းနဲ့ သွားကြတဲ့အခါကျတော့ ဒီ မူလရှိပြီးသားဖြစ်တဲ့ Reformation Strategy ကို ပိုပြီးတော့ အားကောင်းစေတာပေါ့။
ကိုကာကိုလာ မြန်မာပြည်ကို ပြန်လာမည်
ကိုကာကိုလာ မြန်မာပြည်ကို ပြန်လာမည်
အမေရိကန်ရဲ့ ထိပ်တန်း အချိုရည်ကုမ္ပဏီဖြစ်တဲ့ ကိုကာကိုလာဟာ မြန်မာပြည်မှာ လာရောက် ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ စီစဉ်နေတဲ့အကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။

ကမ္ဘာ့အကြီးဆုံးအမေရိကန် အချိုရည်ကုမ္ပဏီကြီးက သူတို့ အစိုးရဆီကနေ လုပ်ကိုင်ခွင့် လိုင်စင်ရတယ်ဆိုရင်ပဲ မြန်မာပြည်မှာ စီးပွားရေးသွားလုပ်မယ်လို့ပြောပါတယ်။ စစချင်းမှာတော့ ကိုကာ ကိုလာ ထုတ်ကုန်တွေကို မြန်မာပြည်နဲ့ အိမ်နီးချင်းတွေကနေ သွင်းပြီး လုပ်ငန်းတွေ စတင် လည်ပတ်သွားမယ်လို့ ကုမ္ပဏီကဆိုပါတယ်။
ကိုကာကိုလာဟာ ၁၉၂၇ ခုနှစ်က မြန်မာပြည်ကို အရင်ဆုံးရောက်ခဲ့ဖူးပြီး ပြီးခဲ့တဲ့လက အမေရိကန်အစိုးရက အမေရိကန် ကုမ္ပဏီတွေကို မြန်မာပြည်မှာ စီးပွားရေးလုပ်ခွင့် ပြန်ဖွင့်ပေးလိုက်ပြီးနောက် နှစ်ပေါင်း ၆၀ အကြာမှာ တကျော့ပြန် လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖြစ်လာတာပါ။
မြန်မာပြည်မှာ အခုလို စီးပွားရေးလုပ်ကိုင်ဖို့ စီစဉ်နေတဲ့အချိန်မှာပဲ ကိုကာကိုလာက မြန်မာပြည်မှာ အမျိုးသမီးတွေ အလုပ်အကိုင်ဖန်တီးပေးဖို့အတွက် အမေရိကန်ဒေါ်လာ ၃ သန်း လှူဒါန်းမယ်လို့ ဆိုပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စီးပွားရေးနဲ့ ကျန်းမာရေး ကိစ္စတွေမှာ ကူညီဆောင်ရွက်တဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့ဖြစ်တဲ့ PACT အဖွဲ့နဲ့ ပူးပေါင်းပြီး မြန်မာပြည်က ဖွံ့ဖြိုးရေး ကိစ္စတွေကို ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
လတ်တလာ ကမ္ဘာမှာ ကိုကာကိုလာမရှိတဲ့ နိုင်ငံတွေဟာ မြန်မာ၊ ကျူးဘားနဲ့ မြောက်ကိုရီယားတို့ပဲ ရှိပါတယ်။ မြန်မာပြည်တွင်း အချိုရည်ဈေးကွက်ကို ပြည်တွင်း ကုမ္ပဏီတွေက လွှမ်းမိုးထားတာဖြစ်ပါတယ်။
မြန်မာပြည် ကိုကာကိုလာ လာမယ်
မြန်မာပြည် ကိုကာကိုလာ လာမယ်
ကိုကာကိုလာ ကုမ္ပဏီဟာ မြန်မာ နိုင်ငံမှာ လာရောက် ရင်းနှီး မြုပ်နှံပြီး အချိုရည် ရောင်းချ တော့မယ်လို့ ကြေငြာလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုကာကိုလာ တိုက်ရိုက် မရောင်းချ ခဲ့တာ နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ပါပြီ။
အရင်က ကမ္ဘာမှာ ကိုကာကိုလာ မရောင်းတဲ့ နိုင်ငံ သုံးနိုင်ငံပဲ ရှိခဲ့ရာကနေ အခုအခါ ကျူးဘားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံသာ ကျန်တော့မှာ ဖြစ်ပါတယ်။
ကိုကာကိုလာဟာ အရင် က မြန်မာ နိုင်ငံတွင်းကို အိမ်နီးချင်းနိုင်ငံကတဆင့် တင်သွင်း တာမျိုး ရှိခဲ့ပေမယ့် အခု တိုက်ရိုက် ရောင်းချမှာ ဖြစ်လို့ ပြည်တွင်း ကိုယ်စားလှယ်တွေ ထားရှိ ဖြန့်ဖြူးနိုင်မယ်လို့ ဆိုပါတယ်။
သုံးနှစ် နဲ့ ငါးနှစ် အကြားမှာ ထိထိရောက်ရောက် ရင်းနှီးမြုပ်နှံသွားမယ် လို့လည်း ဆိုပါတယ်။
အမေရိကန် ပြည်ထောင်စုက ဘဏ္ဍာရေး ဆိုင်ရာ ပိတ်ဆို့မှုတွေကို လျှော့ချ ခဲ့ပြီးနောက် အခုလို ရင်းနှီး မြုပ်နှံမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အမေရိကန်ဟာ မြန်မာနိုင်ငံက ကျွန်းသစ်နဲ့ ကျောက်မျက် ရတနာတွေ တင်ပို့ခွင့်ကိုတော့ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။
ဦးအေးလွင်ကို ပါတီက မထုတ်ရင် ပါတီဖျက်သိမ်းခံရနိုင်
ဦးအေးလွင်ကို ပါတီက မထုတ်ရင် ပါတီဖျက်သိမ်းခံရနိုင်
by ပီတာအောင်
ဝတ္တရားနှောင့်ယှက်မှုနဲ့ ထောင်ဒဏ် ၂ လ ချခံထားရတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်ခေါင်းဆောင် ဦးအေးလွင်ကို ပါတီက ထုတ်ပစ်ဖို့ ရွေးကောက်ပွဲကော်မရှင်က အကြောင်းကြား ထားပြီးဖြစ်ကြောင်း နဲ့ မထုတ်ပယ်ရင် ပါတီ ဖျက်သိမ်းခံရတဲ့အထိ ဖြစ်လာနိုင်တယ် လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောကြား လိုက်ပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင် ဟာ ပြစ်ဒဏ် ကျခံနေရ သူဖြစ်လို့ ရွေးကောက်ပွဲဥပဒေအရ ပါတီဝင်အဖြစ်က ထုတ်ဖို့ အကြောင်းကြားထားတာ လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောပါတယ်။
“သူက ဒီ ပြစ်မှုကျူးလွန်ထားတယ်။ နိုင်ငံရေးပါတီသတ်မှတ်ထားတုန်းက ပါတီဝင် တယောက်ဟာ ဒီလိုတွေ ဖြစ်ရင် ပါတီကနေ ထုတ်ရမယ်လို့ ပြဋ္ဌာန်းချက် ပါတယ်လေ။ အဲ့အတိုင်းဆောင်ရွက် ထားခြင်း ရှိ မရှိဘဲ။ ထောင်ကျနေတဲ့ သူဟာ ပါတီမ၀င်ရဘူးလို့ မပါဘူးနော်။ သို့သော်လည်း ပါတီဝင် တယောက်က ဥပဒေကိုကျူးလွန် လို့ ထောင်ကျသွားရင်တော့ ပါတီဝင် အဖြစ်ကနေ ထုတ်ရမယ် ဆိုတာတော့ ပါတယ်။ အဲ့ဒါကို ကျနော်တို့က ဥပဒေအရ အကြောင်းကြားတာပဲ ရှိတယ်။ လုပ်တာ မလုပ်တာ သူတို့ အပိုင်း။”
ဦးအေးလွင်ဟာ ရန်ကုန်-မန္တလေး ကားလမ်းပေါ်ရှိ တိုးဂိတ်တခုမှာ ဂိတ်ကြေး ၅,ဝဝဝ ကျပ် ပေးဆောင်ဖို့ ငြင်းဆန်ခဲ့မှုနဲ့ စပ်လျဉ်းပြီး ၀န်ထမ်းနဲ့ စကားအချေအတင်ဖြစ်ရာက ပြီးခဲ့တဲ့မေ ၂၂ ရက်နေ့မှာ တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ တရားစွဲခံရပြီး အင်းစိန်ထောင်မှာ ထောင်ဒဏ် ၂ လ ကျခံနေရတာဖြစ်ပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ရဲ့ ညီနောင် မဟာမိတ်ပါတီဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များအဖွဲ့ (ပြည်ထောင်စုမြန်မာနိုင်ငံ) ဥက္ကဋ္ဌ ဦးရဲထွန်းက အခုချိန်ဟာ အယူခံဝင်ဆဲ ကာလဖြစ်ပြီး ဦးအေးလွင်မှာ အပြစ်ရှိတယ်လို့ မယူဆတဲ့အတွက် ပါတီက ထုတ်ပယ်ဖို့ မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။
“နိုင်ငံသားတယောက်မှာ အယူခံပိုင်ခွင့်ဆိုတာ ရှိတယ်။ အယူခံပိုင်ခွင့်ကာလ၊ အယူခံနေတဲ့အချိန်မှာ သူ့ကို အပြစ်ရှိတယ်လို့ ကျနော်တို့ ပါတီအနေနဲ့ သတ်မှတ်ခွင့်မရှိသေးဘူး။ အယူခံကာလ ကုန်ဆုံးတဲ့အချိန်ထိ ကျနော်တို့ပါတီက စောင့်ပြီးမှသာလျှင် ထုတ်ပယ်သင့်၊ မထုတ်ပယ်သင့်ဆိုတာ ဆုံးဖြတ်မယ်ဆိုပြီးတော့ ကော်မရှင်ကို အကြောင်းပြန်လိုက်တယ်။”
နိုင်ငံရေးပါတ်ီများ မှတ်ပုံတင်ခြင်း ဥပဒေအခန်း ၂ ပုဒ်မ ၁၀ (င) မှာတော့ ပါတီဝင်တွေဟာ ထောင်ဒဏ် ကျခံနေရသူ မဟုတ်ရဘူးလို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။
အကယ်၍ ဦးအေးလွင်ကို မထုတ်ပယ်ရင် ပါတီဖျက်သိမ်းခံရတဲ့ အထိ ဖြစ်လာနိုင်တယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က “မထုတ်ဘူးဆိုရင်တော့ ဥပဒေအရတော့ ကော်မရှင်က ဒီလို ညွှန်ကြားတယ်။ မလိုက်နာဘူးဆိုရင်တော့ ကာလတခု သတ်မှတ်ပြီးတော့ ကျနော်တို့က ကော်မရှင်ကနေပြီးတော့ ဆက်သွယ်တာတွေ ဆောင်ရွက် ရမယ်။ နောက် တဆင့်ဆိုရင်တော့ ပါတီဖျက်သိမ်းရမယ်။”
ဦးအေးလွင်အမှုအတွက် အယူခံကို အင်းစိန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ဇွန် ၁၄ ရက်နေ့ က လျှောက်ထားလိုက်ပြီဖြစ်ပြီး ဇွန် ၂၂ ရက်နေ့မှာ ဒီအမှု အမိန့်ချဖို့ ရှိနေပါတယ်။
ဦးအေးလွင် နဲ့ ညီဖြစ်သူ ဦးရဲထွန်းတို့ ခေါင်းဆောင်တဲ့ ပါတီတွေဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ခဲ့တဲ့ ပါတီတွေဖြစ်ပြီး အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့တဲ့ပါတီ ဖြစ်ပါတယ်။
end faq
|